ဒီးမော့ဆိုမြို့ စံပြ( ၆)မိုင်ကျေးရွာအတွင်း မိုင်းများထောင်ထားသည်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်က ရွာထဲပေး မဝင် 

ဒီးမော့ဆိုမြို့ စံပြ( ၆)မိုင်ကျေးရွာအတွင်း မိုင်းများထောင်ထားသည်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီတပ်က ရွာထဲပေး မဝင် 
ဇွန် 17, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်ကျေးရွာထဲတွင် မိုင်းထောင်ထားဟု ပြောဆိုကာ အာဏာသိမ်းစစ်ကောင်စီတပ်များက  ရွာထဲဝင်ခွင့်မပြုဘဲ ပြန်လွှတ်နေကြောင်း သိရသည်။ 

ဒီနေ့ ရွာကလူက သူ့အိမ်တစ်ချက် ပြန်ကြည့်တာပေါ့။ အဲ့မှာ စစ်တပ်နဲ့တိုးတော့ ပေးမဝင်ဘူး ။ ရွာထဲမှာ မိုင်းထောင်ထားတယ်လို့ ပြောပြီး ပြန်သွားခိုင်းတယ်။ ဖုန်းတွေယူစစ်တော့ ကောင်လေး တစ်ယောက်ဆီမှာ သေနတ်ပုံတွေ့လို့ ဖမ်းထားပြီ သူ့မိဘတွေက အတင်းတောင်းပန်လို့ ကောင်လေးကို လွှတ်ပေးလိုက်ပြီး ဖုန်းတော့ သိမ်းသွားတယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်မှ စံပြ (၆)မိုင်ကျေးရွာ ကက်သလစ်ဘုရားကျောင်းဘေးတွင် စစ်ဆေးရေးဂိတ် တစ်ခုလုပ်ထားပြီး တပ်စွဲကာ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးပေါ် ဖြတ်သွား သော ယာဥ်များလူများအား မှတ်ပုံတင်စစ်ဆေးခြင်း၊ ဖုန်းများကို စစ်ဆေးခြင်းနှင့် အမည်မှတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး ကျေးရွာထဲတွင် မိုင်းထောင်ထား၍ ရွာလမ်းများတွင် သွားလာခြင်းမပြုလုပ်ကြရန် သွားလာသူများကို စစ်ကောင်စီတပ်မှ ပြောဆိုကြောင်း သိရသည်။ 

ဒီးမော့ဆိုမြို့နယ် ၊ စံပြ (၆)မိုင်ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ ဖြစ်ပွား ချိန်မှစ၍ စစ်ကောင်စီတပ်များမှ လူနေအိမ်များ ဘုရားကျောင်းများတွင် တပ်စွဲကာ နေထိုင်လျှက်ရှိပြီး ကျေးရွာအတွင်း နေအိမ်များအား ဖောက်ထွင်းဖျက်ဆီးကာ ပစ္စည်းများ ယူဆောင်ခြင်းကိုပါ နေ့စဥ်လုပ်ဆောင်နေကြောင်း သိရသည်။