စစ်ရှောင်များအတွက် ကူညီထောက်ပံ့မည့် ပစ္စည်းများ သွားသယ်သည့် လူငယ်နှစ်ဦးအား 'အကြမ်းဖက်သမားများအား ထောက်ပံ့မည့် အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ အား ဖမ်းဆီးရမိ'ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်

စစ်ရှောင်များအတွက် ကူညီထောက်ပံ့မည့် ပစ္စည်းများ သွားသယ်သည့် လူငယ်နှစ်ဦးအား 'အကြမ်းဖက်သမားများအား ထောက်ပံ့မည့် အသုံးအဆောင်ပစ္စည်းများနှင့် ဆေးဝါးများ အား ဖမ်းဆီးရမိ'ဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်
ဇွန် 16, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ဘေးရှောင်ပြည်သူများအတွက် အလှူရှင်များပေးပို့ လိုက်သော ပစ္စည်းများအား သွားရောက်ယူဆောင်ချိန် ဖမ်းဆီးခံရသော လူငယ်နှစ်ဦးအား အကြမ်းဖက်အဖွဲ့ထောက်ပံ့ရေးပစ္စည်းများနှင့် ဖမ်းမိ ဟု စစ်ကောင်စီမှ ဇွန်လ (၁၄)ရက်နေ့တွင် လိမ်လည် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ကယားပြည်နယ်တွင်းရှိ စစ်ဘေးရှောင်ကူညီအတွက် ကူညီလုပ်ကိုင်ပေးနေသည့် လူငယ်( ၂)ဦးမှာ ရန်ကုန်မှ စစ်ဘေးရှောင်များအတွက် အလှူရှင်များ ပေးပို့လာသော ပစ္စည်းများအား ဇွန်လ (၁၂)ရက်နေ့က ကားဂိတ်တွင်သွားရောက်ယူဆောင်စဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီမှ သတင်းလိမ်လည် ထုတ်ပြန်ထားကြောင်း စစ်ဘေးရှောင်ကူညီရေး တာဝန်ရှိသူ တစ်ဦးက  

သူတို့က ဒီစစ်ရှောင်တွေကို ကူညီပေးနေတဲ့သူ နှစ်ယောက်ပါ။ အဓိက သယ်ယူပို့ဆောင်ရေး အတွက် စေတနာ့ဝန်ထမ်းလုပ်ပေးနေတဲ့သူတွေပါ။ အဲ့နေ့က ရန်ကုန်က စစ်ရှောင်တွေအတွက် အလှူရှင်ပို့လာပေးတဲ့ ပစ္စည်းတွေ ကားဂိတ်မှာ သွားသယ်တဲ့အချိန် စောင့်ပြီးဖမ်းခံခဲ့ရတာပေါ့။ အခုလို စွတ်စွဲပြီး ထုတ်ပြန်တာဟာ လုံးဝ အခြေအမြစ်မရှိပဲ လိမ်လည်ထားတာ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ စစ်ဘေးရှောင်တွေ အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖမ်းဆီးထားတဲ့ သူတို့ကို အမြန်ဆုံး လွှတ်ပေးနိုင်အောင် ဝိုင်းဝန်း ဆုတောင်းပေးကြပါ။ သူတို့က စစ်ရှောင်ကူညီရေးအတွက်ပဲ တောက်လျှောက် အလုပ်လုပ်ပေးနေကြတဲ့ သူတွေပါ။

ဟု စစ်ဘေးရှောင်ကူညီရေး တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇွန်လ (၁၂)ရက်နေ့ မနက်ပိုင်းက စစ်ရှောင်ကူညီရေး ပစ္စည်းများအား သိန်းသန်းကုဋေ ကားဂိတ်တွင် သွားရောက်ယူဆောင်စဥ် ကိုသက်မှူးအောင်နှင့် ကိုကလဲမင်းမင်းဦးတို့ နှစ်ဦးအား ဟိုက်ဂျက်ကား(၁)စီးနှင့်အတူ ပစ္စည်းများအား အကြမ်းဖက်စစ်ကောင်စီ၏ ရဲတပ်ဖွဲ့များမှ လာရောက် စောင့်ဆိုင်းကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

စစ်ရှောင်များအား ကူညီရေးလုပ်ကိုင်နေသူ အဆိုပါ လူငယ် (၂)အား အကြမ်းဖက်သမားများအား ထောက်ပံ့မည့် အသုံးဆောင်ပစ္စည်းများနှင့် ဆေးဝါးများအား ဖမ်းဆီးရမိခဲ့သည်ဟု ဇွန်လ (၁၄)ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ မှ သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ သတင်းထုတ်ပြန်မှုမှာ အခြေအမြစ်မရှိဘဲ စွတ်စွဲ၍လိမ်လည် သတင်းထုတ်ပြန်ခြင်းသာ ဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီရေး လုပ်​ဆောင်နေသူများမှ ပြောသည်။

ဖမ်းဆီးခံထားရသော စစ်ဘေးရှောင်ကူညီရေး လုပ်ကိုင်ပေးသူ လူငယ် (၂)ဦးအား မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း မသိရသေးသလို မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရသေးဘဲ ဖမ်းဆီးသွားခြင်းအား အကြောင်းကြားပေးခဲ့ခြင်းလည်း မရှိ၍ မိသားစုဝင်များမှ စိတ်ပူနေကြကြောင်း သိရသည်။

ကယားပြည်နယ်တွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်များမှ စားနပ်ရိက္ခာ ၊ အသုံးဆောင်နှင့် ဆေးဝါးများအား ရန်ကုန်မှ လွိုင်ကော်သို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပစ္စည်းများအား စစ်ဘေးရှောင် ကူညီးရေး လုပ်ကိုင်နေသူ ကိုသက်မှူးအောင်နှင့် ကိုကလဲမင်းမင်းဦး တို့က ဇွန်လ (၁၂)ရက်နေ့ မနက်ပိုင်းတွင် သွားရောက်ယူဆောင်စဥ် စစ်ကောင်စီ၏ ရဲများမှ အသင့်စောင့်ဆိုင်းကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

လူငယ် (၂)ဦးနှင့်အတူ ဟိုက်ဂျက်ကားတစ်စီး၊ အဝတ်အထည်ဟောင်း (၃၂)ဖာနှင့် အိတ်​သေး (၂)အိတ်၊ ဖိနပ်ဆိုဒ်စုံ (၁)ဖာ ၊ ဆေးမျိုးစုံ (၇)ဖာ ၊ လူသုံးကုန် ပစ္စည်းစုံ (၆)ဖာ ၊ အခြားအသုံး အဆောင်ပစ္စည်း (၄)အိတ်နှင့် အထုပ်(၂)ထုပ်တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီမှ ဇွန်လ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ် နှင့် ရဲတို့က ပြည်သူများကို မစူးစမ်းမဆင်ခြင်ဘဲ အကြောင်းမဲ့ ဖမ်းဆီးပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဖမ်းဆီး အမှုဖွင့်မှုများ လုပ်ဆောင်နေမှုများရှိနေပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး၏ Website တွင် ဖော်ပြသလို စစ်တပ်ပိုင် မီဒီယာများကနေလည်း ပြန်လည်ဖော်ပြကြသည်ကို တွေ့ရသည်။