အပစ်ရပ်ထားသော ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေ 

အပစ်ရပ်ထားသော ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပစ်ခတ်နေ 
ဇွန် 16, 2021 | ကယား

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KNDF) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယာယီအပစ်ရပ်ထားသည့် ဒီးမော့ဆိုမြို့နယ်အတွင်း  စံပြ( ၆)မိုင်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီမှ ယနေ့ ဇွန်လ (၁၆)ရက်နေ့ ည(၈)နာရီကျော် အချိန်ခန့်တွင် လက်နက်ကြီး ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်းသိရသည်။

ပစ်တာတော့ RPG လို လက်နက်ကြီးနဲ့ပါ။ ဇီးဖြူကုန်းဖက်ကနေ (၆)မိုင်ရွာထဲကို ပစ်တာ။ သူတို့ ရွာတွေထဲနေပြီး ရမ်းသမ်းပစ်လိုက်တဲ့ သဘောထင်တယ်။ ပစ်တာ သုံးချက်ရှိပါပြီ။

ဟု ဒေသခံတစ်ဦး ကတာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဒီးမော့ဆိုမြို့နယ် ၊ စံပြ(၆)မိုင်ကျေးရွာ၏ အနီးတိုက်ဝိုက်တွင် ယနေ့ ဇွန်လ (၁၆)ရက်နေ့ ည (၈)နာရီကျော်အချိန်ခန့်က စစ်ကောင်စီတပ်မှ လက်နက်ကြီး (၃)ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘာကြောင့် ပစ်ခတ်သည်ကိုတော့ မသိရှိရကြောင်း ဒေသခံများထံမှ သိရသည်။ 

ဒီးမော့ဆိုမြို့နယ်အတွင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဇွန်လ (၁၅)ရက်နေ့တွင် တိုက်ပွဲများယာယီ ရပ်တန့်၍ အပစ်ရပ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ သော်လည်း စစ်ကောင်စီဖက်မှ အင်အားဖြည့်တင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ 

ဒီးမော့ဆိုမြို့နယ်အတွင်း အပစ်ရပ်ထားသော်လည်း စစ်ကောင်စီ၏တပ်များမှာ ကျေးရွာ ရပ်ကွက်များအတွင်း တပ်စွဲကာ သွားလာနေကြဆဲဖြစ်သလို  ယနေ့ ဇွန်လ(၁၆)ရက်နေ့ ညနေပိုင်းတွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ဖက်မှ လွိုင်ကော်မြို့သို့ ဦးတည်ကာ စစ်ကား(၁၂)စီးခန့်မှာ လူနှင့် ရိက္ခာအပြည့်တင်၍ လာရောက်နေကြောင်းလည်း သိရသည်။