တာချီလိတ်မြို့တွင် ညပိုင်း စစ်ဆေးမှုများကို ယခင်က တခါမှ မစစ်ခဲ့ဖူးသည့် နေရာများတွင် စစ်ဆေးမှုများ လုပ်ဆောင်နေ

တာချီလိတ်မြို့တွင် ညပိုင်း စစ်ဆေးမှုများကို ယခင်က တခါမှ မစစ်ခဲ့ဖူးသည့် နေရာများတွင် စစ်ဆေးမှုများ လုပ်ဆောင်နေ
ဇွန် 15, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် မယ်ခေါင်ရပ်ကွက်အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတစ်ရုံးအတွက် လုံခြုံမှုရှိစေရန်  အများပိုင် ဗိုလ်ချုပ်လမ်းမကြီး၏ လမ်းပိုင်းအား ညစဉ်ပိတ်ရာကနေ နေ့ရော ညပါပိတ်ထားလိုက်ပြီး မြို့ရှောင်လမ်းကတဆင့် သွားလာသူများကို  စစ်ဆေးမှုအဖြစ် ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၁၅)ရက်နေ့တွင် ညပိုင်းတွင် လုပ်ဆောင်နေကြောင်း သိရသည်။

1G1 ဘက်က လာရင်   ရွှေသဲကွေ့မဲ့နေရာ  လမ်းလေးဆုံနားမှာ တစ်ဖက်သွားရင် တုံခဘူရီအသားကင်ဆိုင်ရောက်တယ်။ အဲ့လမ်းလေးဆုံမှာ စောင့်နေတာ အခုထိ စစ်သားတွေ စောင့်နေတုန်းပဲ။ အခုကတော့ တခါမှ မစောင့်ဘူးတဲ့နေရာတွေမှာစောင့်နေတာ ခါတိုင်း လုံးဝလာမစစ်ဘူးတဲ့ နေရာတွေမှာ အခုမှ စစ်တာ

ဟု တာချီလိတ်မြို့ခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ယနေ့ ည(၉)နာရီအချိန်တွင် ပြောသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက် မှ မယ်ခေါင်ရပ်ကွက် ချစ်ကြည်ရေး အမှတ်(၂)တံတားသို့ သွားသည့် တာချီလိတ်အရှေ့မြို့ပတ်လမ်း တကြော၏ ထိပ်ပိုင်းများဖြစ်သည့် ချစ်ကြည်ရေးအမှတ်(၂)တံတား မီးပွိုင့်အနီး နှင့် ရွှေသဲလမ်းဆုံတို့တွင် ယနေ့ ည(၈)နာရီခွဲကျော်ကတည်းက ရဲနှင့်စစ်သားများက ရပ်စောင့်ကာ လာသမျှ စစ်ဆေးနေခြင်း ဖြစ်သည်။

ယနေ့ ညတွင် တာချီလိတ်မြို့တွင်း မယ်ခေါင်ရပ်ကွက်အတွင်းပိုင်း နှင့် ပုန်းထွန်ရပ်ကွက်တွင် စစ်ဆေးနေပြီး အချို့နေရာများတွင်လည်း ခဏတဖြုတ် လှည့်လည် စစ်ဆေးနေကြောင်း သိရသည်။

အထက(တာချီလိတ်)ကျောင်းရှေ့တွင်မှု ကျောင်းတံခါးအား သံကြိုးများချည်နှောင်ခတ်ပြီး အတွင်း၌ ကင်းစောင့်နေပြီး ဆေးရုံဟောင်းရှေ့တွင်လည်း စောင့်ကြည့်မှုများ ရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယခင်က ပစ်ခတ်မှု နှင့် လူသတ်မှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း ဖြစ်ပွားပြီး ချက်ခြင်း ညပိုင်းများတွင် နေရာဟောင်းများတွင်သာ စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိသော်လည်း ယခုအခါမှာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဗုံးခွဲ ပစ်ခတ် တိုက်ခိုက်ရပြီးနောက် စစ်တပ် နှင့် ရဲများ ကျည်ကာများဝတ်ဆင်ကာ အသည်းအသန် လုံခြုံရေးယူနေရပြီး စစ်ဆေးမှုများကို ညပိုင်းများတွင် ယခင်က တခါမှ မစစ်ဆေးခဲ့ဘူးသည့်နေရာများတွင်ပါ စစ်ဆေးခြင်းဖြင့် အထူးလုပ်ဆောင်ကြောင်း သိရှိရသည်။

#TachileikNewsAgency