တာချီလိတ်ခရိုင်အတွင်း အလှူရှင်များ လှူဒါန်းထားသည့် RDT Test Kit များဖြင့် ယာဉ်မောင်းများနှင့် စားသောက်ဆိုင်ဝန်ထမ်းများအား COVID 19 စစ်ဆေးမည်

လှူဒါန်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်စဉ်
လှူဒါန်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်စဉ်
တာချီလိတ်ခရိုင်အတွင်း အလှူရှင်များ လှူဒါန်းထားသည့် RDT Test Kit များဖြင့် ယာဉ်မောင်းများနှင့် စားသောက်ဆိုင်ဝန်ထမ်းများအား COVID 19 စစ်ဆေးမည်
ဒီဇင်ဘာ 23, 2020 | Covid-19| ရှမ်းရှေ့

  ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း COVID-19 စစ်ဆေးခြင်းအား ကျန်းမာရေးဌာနအနေဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် အလှူရှင် (၃၅)ဦးက RDT test kit အခုရေတစ်သောင်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့၌ လှူဒါန်းလိုက်ရာ နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းမှ ယာဉ်မောင်းများနှင့် စားသောက်ဆိုင်ဝန်ထမ်းများအား စစ်ဆေးနိုင်ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 “ဒေသက အလှူရှင်တွေ၊ လုပ်ငန်းရှင်တွေ ဝယ်ယူလှူဒါန်းကြတဲ့ Test Kit တွေနဲ့ တိုးချဲ့စစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်။ အဓိကရည်ရွယ်ထားတာက လူအများနဲ့ ထိတွေ့တဲ့သူတွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေတဲ့သူတွေ၊ နောက်တံတား (၂) မှာ ကူးသန်းသွားလာနေတဲ့ ယာဉ်မောင်းတွေ၊ မယ်ယန်းဂိတ်မှာ စစ်ပေးဖို့ စီစဉ်ထားပါတယ်” ဟု တာချီလိတ်ခရိုင် Coronavirus Disease 2019(COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသတွင်းမှ လုပ်ငန်းရှင် (၃၅)ဦးက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ RDT test kit အခုရေ (၁၀,၀၀၀) ကို လာရောက်လှူဒါန်းကြခြင်းဖြစ်သည်။

အလှူရှင်များအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်အောင်၊ ရေကြောင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးသွင်ဦး၊ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်နှင့် တာချီလိတ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ပေးသည်။ 

COVID 19 သံသယရှိသူများ၊ အတည်ပြုလူနာနှင့်ထိတွေ့သူများ၊ ကုန်တင်ယာဉ်မောင်းများအား COVID 19 စစ်ဆေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက RDT test kit များကို မြို့နယ်များအလိုက် ခွဲဝေပေးထားခြင်းဖြစ်သော်လည်း ယခုအလှူရှင်များ လှူဒါန်းသည့် test kit များဖြင့် မကြာမီဖွင့်လှစ်တော့မည့် စားသောက်ဆိုင်များမှ ဝန်ထမ်းများ၊ မြန်မာ - ထိုင်းနှစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းမှ ယာဉ်မောင်းများအပြင် လိုအပ်ပါက မြို့အဝင်ဂိတ်များ၌ ယာဉ်မောင်းများအား တိုးချဲ့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလှူရှင်များ လှူဒါန်းထားသည့် RDT test kit များဖြင့် စစ်ဆေးခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ဈေးနှုန်းအတိုင်း ကောက်ခံမည်ဖြစ်ပြီး test kit များ ပြန်လည်ဝယ်ယူဖြည့်တင်းမည်ဖြစ်သည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဓါတ်ပုံ - ကျော်ဇင်ဟိန်း

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။