တာချီလိတ်မြို့ပေါ် လမ်းမကြီး၏ အချို့နေရာများတွင် ရဲနှင့်စစ်တပ်က လမ်းပိတ် စောင့်ကြပ်နေ

တာချီလိတ်မြို့ပေါ် လမ်းမကြီး၏ အချို့နေရာများတွင် ရဲနှင့်စစ်တပ်က လမ်းပိတ် စောင့်ကြပ်နေ
ဇွန် 13, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့၊ ကားလေးကွင်း နှင့် KBZ Bank ခွဲ (၃)ရှေ့တို့ အပါအဝင် မြို့တွင်း အချို့လမ်းများပေါ်တွင် ယနေ့ ဇွန်လ(၁၃)ရက်နေ့ ညပိုင်း၌ စစ်တပ် နှင့် ရဲတို့က လမ်းပိတ်၍ လက်နက်ကိုင်ဆောင်ပြီး စောင့်ကြပ်နေကြကြောင်း သိရသည်။

ကားလေးကွင်းရှေ့ စစ်သားတွေ လက်နက်အပြည့်နဲ့ရောက်နေတယ်။ လာသမျှလည်း စစ်နေတယ်။  ကားလေးကွင်းထဲ စောင့်ကြည့်နေတယ်။ မီးလဲပျက်နေတာ ကားလေးကွင်းရှေ့မှာ ခုထိရှိနေတယ်

ဟု မြင်တွေ့ခဲ့ရသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ည(၉)နာရီခွဲအချိန်တွင် ပြောသည်။

အလားတူပင် တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းထောင့်ရှိ မီးပွိုင့်တွင် ရဲ(၁၀)ဦး ဝန်းကျင် စောင့်ကြပ်နေပြီး လာသမျှ ယာဉ်များကို ပြန်လှည့်ခိုင်းနေကြောင်း နှင့် ရွှေမြေသာယာစျေး(ခ)လားဟူစျေးဘက်တွင် ရဲနှင့်စစ်တပ်က လာသမျှ ယာဉ်များကို စစ်ဆေးနေကြောင်းလည်း သိရသည်။ 

တာချီလိတ်မြို့တွင် ယနေ့ ဇွန်လ(၁၃)ရက်နေ့ ညနေပိုင်းက စတင်ပြီး မြို့တွင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း အချို့တွင် လက်နက်အပြည့်အစုံဖြင့် စစ်တပ်မှ တပ်စွဲထားပြီး ညပိုင်းများတွင် လှည့်ကင်းများ လှည့်နေသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ ဇွန်လ(၁၃)ရက်နေ့တွင် ဖမ်းဆီးခံရသူ (၁၀)ဦးအထက် ရှိနေကြောင်းလည်း သိရသည်။