လွိုင်ကော်အမြှောက်တပ်မှ မိုးဗြဲဘက်သို့ ဦးတည်ကာ တာဝေးပစ်အမြှောက်များပစ်ခတ်ခဲ့၍ ကျေးရွာများအနီး ကျရောက် 

လွိုင်ကော်အမြှောက်တပ်မှ မိုးဗြဲဘက်သို့ ဦးတည်ကာ တာဝေးပစ်အမြှောက်များပစ်ခတ်ခဲ့၍ ကျေးရွာများအနီး ကျရောက် 
ဇွန် 5, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် အမြှောက်တပ်မှ ကယား - ရှမ်းနယ်စပ်ရှိ တိုက်ပွဲ ဖြစ်ပွားသော  မိုးဗြဲမြို့ ဘက်သို့  အမြှောက်များဖြင့် ပစ်ခတ်နေရာ အနီးဝန်ကျင်ရှိ ကျေးရွာများအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

သူတို့ မိုးဗြဲဖက်ကို လှမ်းပစ်တာပေါ့။ အဲ့ဒါ ဒီအနီးနားမှာ ရှိတဲ့ ရွာတွေနား ကျကွဲတာပေါ့။ တစ်ချို့ ကလေးတွေ သက်ကြီးရွယ်အိုတွေကြောက်လန့်ပြီး အကုန် ဝရုန်းသုန်းကားထွက်ပြေးပုန်းကြရတာ။ ခုထိ လန့်နေတုန်းပဲ။  တစ်ချို့ရွာတွေနားမှာ အိမ်မီးလောင်သလိုမျိုး မီးလောင်နေတာတွေ လှမ်းတွေ့နေရတယ်။ သူတို့ပစ်တာ အကုန်လုံးက ရွာတွေနားပဲ လာကျတယ်

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့ ဇွန်လ (၅)ရက်နေ့ နေ့လည် ပိုင်းမှစ၍ ကယား - ရှမ်းနယ်စပ်ရှိ မိုးဗြဲမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး လွိုင်ကော်အခြေစိုက် အမြှောက်တပ်ရင်းမှ တာဝေးပစ် အမြှောက်များ ညနေ (၄)နာရီကျော်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

လွိုင်ကော်မြို့ အခြေစိုက် အမြှောက်တပ်မှ တာဝေးပစ်အမြှောက်များဖြင့် ညနေ (၄)နာရီချိန်ခန့်တွင် မိုးဗြဲ မြို့ဖက်သို့ (၁၀) လုံးနီးပါးပစ်ခက်ခဲ့ပြီး ကယား- ရှမ်းနယ်စပ်ရှိ ထေးပလောခူ၊ နိူးကိုး၊  ကုန်းသာ ၊ ဆောင်ကန်းစသည့် အနီးအနား ကျေးရွာများ အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပြီး ကုန်သာ ကျေးရွာဟု ခန့်မှန်ရသော နေရာတွင် မီးလောင်နေသည်ကို တွေ့ရှိနေရကြောင်း ဒေသခံများထံမှ သိရသည်။

ကျွန်မတို့ ထင်တာ ကျွန်မတို့ခေါင်းပေါ် လာကျတယ် ထင်တာ။ အရမ်းကျယ်ပြီး ကြောက်ဖို့ကောင်းတယ်။ သူတို့က ရမ်းပစ်တာ ထင်တယ်။ မိုးဗြဲကို တစ်လုံးမှ မကျဘဲ ဒီအနီးနားက ရွာတွေနားလာကျတာပေါ့။ တစ်ချို့ရွာတွေတော့ ရွာထဲထိ ကျတာလည်းဖြစ်နိုင်တယ်။ အိမ်မီးလောင်တဲ့ ပုံစံမျိုးတွေလည်း လှမ်းတွေ့နေရတယ်။

ဟု ဒေသခံတစ်ဦးက ပြောသည်။

ကယား-ရှမ်း နယ်စပ် မိုးဗြဲမြို့တွင် ဇွန်လ (၅)ရက်နေ့ နေ့လည် (၂)ကျော်အချိန်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF) နှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်းနှင့် ညနေ (၄)နာရီ (၄၅)မိနစ်ခန့်တွင် တိုက်ပွဲ ရပ်သွားကြောင်း သိရသည်။