တာချီလိတ်မြို့တွင်း ဗုံးပေါက်ကွဲခဲ့သည့် ရန်အောင်မြေစာသင်ကျောင်းအနီး CCTV တပ်ဆင်ပြီး စောင့်ကြည့်

တာချီလိတ်မြို့တွင်း ဗုံးပေါက်ကွဲခဲ့သည့် ရန်အောင်မြေစာသင်ကျောင်းအနီး CCTV တပ်ဆင်ပြီး စောင့်ကြည့်
ဇွန် 11, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်(ပါလျှံ-၁)ရှိ အလက(ရန်အောင်မြေ)ကျောင်းတွင်  ၂၀၂၁ခုနှစ် ဇွန်လ(၂)ရက်နေ့  ည(၈)နာရီခွဲဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အဆိုပါကျောင်း နှင့် ဘုရားကျောင်းလမ်းကြားရှိ လမ်းဆုံတွင် CCTV တပ်ဆင်ထားပြီး စောင့်ကြည့်နေလျှက်ရှိကြောင်း သိရသည်။ 

နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် တာချီလိတ်မြို့တွင်း တစ်စုံတစ်ခုဖြစ်ပေါ်လာတိုင်း ရန်အောင်မြေရပ်ကွက်အတွင်းသို့ ရဲကားအချုပ်ကားများ ကင်းလှည့်လေ့ရှိပြီး အလက(ရန်အောင်မြေ)ကျောင်းရှေ့တွင် အထူးစစ်ဆေးမှုများ ပြုလုပ်လေ့ရှိပြီး အဆိုပါ ကျောင်းဝန်းကျင်တွင် စောင့်ကြည့်နိုင်ရန်အတွက် ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ရက်ကတည်းက  လာရောက်ပြီး CCTV  တပ်ဆင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

CCTV ကတော့ ပေါက်ကွဲမှု ဖြစ်တဲ့ ရက်ပိုင်းက လာတပ်သွားတာ။ ဗုံးခွဲတုန်းက ဒီလမ်းကြားကနေ ဖြတ်သွားတယ်ဆိုလို့ တပ်တာလို့ သိရတယ်

ဟု ရန်အောင်မြေရပ်ကွက်နေသူ တစ်ဦးက တာချီလိတ်သတင်းအေးဂျင်စီသို့ ဇွန်လ(၁၀)ရက်နေ့က ပြောသည်။

တာချီလိတ်မြို့တွင်း အချို့လမ်းကြာများတွင် ဒေသရန်ပုံငွေထဲက ထုတ်ယူပြီး CCTV များတိုးချဲ့တပ်ဆင်ထားပြီး အဓိက အားဖြင့် ရုံးဌာနများတွင် အရည်အသွေးကောင်းမွန်သည့် CCTV များ တိုးချဲ့တပ်ဆင်ထားကြောင်းလည်း သိရသည်။

တာချီလိတ်မြို့တွင် CCTV များ နေရာအနှံ့တပ်ဆင်ထားသော်လည်း ဆိုင်ကယ်ခိုးမှုများကို မဖော်ထုတ်ဘဲ စစ်အာဏာရှင်ဆန့်ကျင်သူများကိုသာ အဓိကထားစောင့်ကြည့်နေခြင်းသာဖြစ်ကြောင်း သိရသည်။



#TachileikNewsAgency