ဒီးမော့ဆိုတွင် တူမီးကိုင် PDF ကို အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီး၊ အမြောက်ပစ်ကူ၊ ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်မှုကြောင့်  PDF မှ (၂) ဦး ကျဆုံး 

ဒီးမော့ဆိုတွင် တူမီးကိုင် PDF ကို အာဏာသိမ်းစစ်ကောင်စီတပ်မှ လက်နက်ကြီး၊ အမြောက်ပစ်ကူ၊ ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်မှုကြောင့်  PDF မှ (၂) ဦး ကျဆုံး 
မေ 31, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာအနီး ကျောက်ဆည်ကန်တိုက်ပွဲတွင် ၂၀၂၁ ခုနှစ်၊ မေလ (၃၁) ရက်နေ့ ညနေပိုင်းမှစ၍ အာဏာသိမ်းစစ်ကောင်စီတပ်က ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်နေရာ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်မှ (၂) ဦး ကျဆုံးသွားသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့်တိုက်ပွဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်က  ရဟတ်ယာဥ်ဖြင့်ပါ  ကျည်ထိမှန်ကာ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မှ (၂) ဦး ကျဆုံးခဲ့ရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်သည်။

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအနီးရှိ ကျောက်ဆည်ကန်အနီးတစ်ဝိုက်တွင် မေလ ၃၁ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ဖြစ်ပွားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း အာဏာသိမ်းတပ်က လက်နက်ကြီးများပါသုံး၍ တိုက်ခိုက်သည့်အပြင် လွိုင်ကော်မြို့ အခြေစိုက်အမြောက်တပ်ကလည်း နေ့လည် (၁)နာရီကျော်မှ ည (၁၀)နာရီကျော်ထိအချိန်အတွင်း တာဝေးပစ်အမြောက် အလုံးပေါင်းများစွာ ပစ်ကူကာ  ညနေ(၅)နာရီချိန်မှစ၍ ညပိုင်းအထိ ရဟတ်ယာဥ် (၂) စီး၊ တိုက်လေယာဥ် (၁)စီး နှင့် ဂျက်လေယာဥ် (၂)စီးတို့ဖြင့်ပါ ဝင်တိုက်နေခြင်းဖြစ်သည်။

ဒီနေ့တော့နေ့လယ်ကတည်းက တိုက်ပွဲဖြစ်နေတာ။ လွိုင်ကော်ဖက်က တောက်လျှောက် အမြောက်တွေပစ်တယ်။ ဒါတောင်လွန်​နေပြီပေါ့ ။ PDF ဖက်က တူမီးတွေနဲ့တိုက်​နေရတာပါ။ ညနေပိုင်းကျတော့ ရဟက်ယာဥ်တွေ လေယာဥ်တွေနဲ့ပါ ဗုံးကျဲတယ်။ သေနတ်နဲ့ အပေါ်ကပစ်တယ် ။ လေယာဥ်ပစ်ဒုံးတွေနဲ့ပစ်တယ်။ လုံးဝကို မဖြစ်သင့်တဲ့ တိုက်ပွဲမျိုးပါ ။ လေယာဥ်တွေ သုံးတယ်ဆိုတာ အခုက ပြည်ပစစ်မဟုတ်ပါဘူး။ ပြည်တွင်းစစ်လည်း မဟုတ်ဘူး။ မြို့သေးသေးလေးမှာ ကလေးတွေ လူငယ်တွေနဲ့ သူတို့ဖြစ်နေရတဲ့စစ်ပါ ။

ဟု ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

​လေ ၃၁ ရက်နေ့ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲတွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖက်မှ (၂)ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများရှိသလို စစ်ကောင်စီဖက်မှလည်း ထိခိုက် ကျဆုံးမှု အများအပြားရှိနိုင်ကြောင်း မြေပြင်ရှိ  PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကယားပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီကို  ခုခံတိုက်ခိုက်ခြင်း ၊ သပိတ်မှောက်ခြင်းများကြောင့် ကျဆုံးသွားသည့်  တော်လှန်ရေးသမားများနှင့် အပစ်မဲ့ပြည်သူများ စုစုပေါင်း( ၃၁)ဦးရှိပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှထုတ်ပြန်ထားသည်။