ကယားပြည်နယ် လွိုင်ကော်တွင် မန္တလေးပြန် ယာဉ်မောင်း(၂)ဦး၌ COVID 19 ပိုးတွေ့၍ အတည်ပြုလူနာ (၁၀၀)ကျော်အထိ တိုးလာ

ကယားပြည်နယ် လွိုင်ကော်တွင် မန္တလေးပြန် ယာဉ်မောင်း(၂)ဦး၌ COVID 19 ပိုးတွေ့၍ အတည်ပြုလူနာ (၁၀၀)ကျော်အထိ တိုးလာ
ဇန်နဝါရီ 18, 2021 | Covid-19| ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ မန္တလးမှ ပြန်လာသည့် ကုန်တင်ယာဉ်မောင်း (၂) ဦးတွင် COVID 19 ပိုး တွေ့ရကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် စစ်ဆေးတွေ့ရသဖြင့် ကယားပြည်နယ်တွင် ပိုးတွေ့လူနာ (၁၁၀) ဦးရှိလာပြီဖြစ်သည်။

လွိုင်ကော်မြို့ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းတွင် ဇန်နဝါရီလ (၁၇ )ရက်နေ့က ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၈၆) ဦးအား RTD Test Kit ဖြင့် COVID 19 စစ်ဆေးပေးခဲ့ရာ ယာဉ်မောင်း (၂)ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

Covid-19 ပိုးတွေ့ရှိသူများဖြစ်သည့် အသက် (၅၆)နှစ်အရွယ် အမျိုးသားယာဉ်မောင်းမှာ မန္တလေးမှ ကုန်များတင်ဆောင်၍ ဇန်နဝါရီလ (၁၅) ရက်နေ့တွင်လည်းကောင်း၊ အသက် (၄၂)နှစ် အရွယ် အမျိုးသားယာဉ်မောင်းမှာ မန္တလေးမြို့မှ ကုန်များတင်ဆောင်၍ ဇန်နဝါရီလ (၁၇) ရက်နေ့တွင် လည်ကောင်း ယာယီကုန်တင်ယာဉ်ရပ်နားစခန်းသို့  အသီးသီးရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ 

ပိုးတွေ့ရှိသူ အတည်ပြုလူနာ ( ၂)ဦးမှာ ကျန်းမာရေးကောင်းမွန်နေပြီး လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးခြားအဆောင်တွင် ထားရှိကုသလျှက်ပေးလျှက်ရှိသည်။

၎င်းတို့နှင့် ထိစပ်ခဲ့သည့် ယာဉ်နောက်လိုက် (၁) ဦးနှင့် ယာဉ်ချိန်းမောင်းသူ (၂) ဦးတို့အား လွိုင်ကော်မြို့ န.တ.လ သင်တန်းကျောင်းတွင် အသွားလာကန့်သတ်ထားပြီး ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ကယားပြည်နယ်တွင် ဇန်နဝါရီလ (၁၇) ရက်နေ့အထိ COVID - 19 ပိုးတွေ့ရှိသူ (၁၁၀) ဦးရှိပြီဖြစ်ပြီး ရောဂါ သက်သာ၍ ဆေးရုံဆင်းခွင့်ရသူ (၈၅) ဦး ဆေးရုံတက်ရောက်နေသူ (၂၄) ဦးနှင့် သေဆုံးသူ (၁)ဦးရှိကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဆန်းဖြိုးထွန်း

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။