ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖရူဆိုနှင့်ဒီးမော့ဆိုတို့တွင် အာဏာသိမ်းစစ်တပ်နှင့် KA/KNDF တို့အကြား တိုက်ပွဲဖြစ်ပွား

ကယား(ကရင်နီ)ပြည်နယ်အတွင်း ဖရူဆိုနှင့်ဒီးမော့ဆိုတို့တွင် အာဏာသိမ်းစစ်တပ်နှင့် KA/KNDF တို့အကြား တိုက်ပွဲဖြစ်ပွား
အောက်တိုဘာ 9, 2021 | ကယား
By Tachileik News Agency

ကယား(ကရင်နီ)ပြည်နယ် ဖရူဆိုမြို့နယ်အတွင်း ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)နှင့် အာဏာသိမ်းစစ်တပ်တို့အကြား ယနေ့ အောက်တိုဘာလ(၉)ရက်နေ့တွင် တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားရာ အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြားကြောင်း KNDF က သတင်းထုတ်ပြန်လာသည်။

ဖရူဆိုမြို့နယ် ထားလဲကျေးရွာအနီးတွင် ထိုးစင်ဆင်လာသည့် အကြမ်းဖက်စစ်တပ်အား KAနှင့်KNDF တို့မှ ပူးပေါင်းတိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးသူ အများအများရှိပြီး အရေအတွက်ကို အတည်မပြုနိုင်ကြောင်းနှင့် မိမိတို့ဘက်မှ မစိုးရိမ်ရသည့် ဒဏ်ရာရရှိသူသာရှိကြောင်း KNDF က သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

 ယနေ့ အောက်တိုဘာလ(၉)ရက်နေ့ နံနက်(၅)နာရီအချိန်တွင် ဒီးမော့ဆိုမြို့နယ်အတွင်း (၆)မိုင်ကျေးရွာတွင်လည်း အာဏာသိမ်းစစ်တပ်နှင့် KNDF တို့ ထိတွေ့တိုက်ပွဲ (၅)မိနစ်အကြားဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

ကျေးရွာအတွင်းသို့ ရိက္ခာပြန်လာယူသည့် စစ်ဘေးရှောင် ကျေးရွာနေပြည်သူနှစ်ဦးကိုလည်း အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး တစ်ဦးကို သတ်ဖြတ်ကာ ကျန်တစ်ဦးကို ပစ်ခတ်ခြင်းကြောင့် ဦးခေါင်းတွင် ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့သည့်အတွက် အရပ်သားများကို ပစ်ခတ်မှုကြောင့်  KNDF နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က (၂)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယင်းအပြင် ဒီးမော့ဆိုမြို့နယ်အတွင်း ငွေတောင်ဆည်အနီးရှိ လမ်းခွဲတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က ဒေါငံခါးကျေးရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုများလည်း လုပ်ဆောင်နေသည်ဟု KNDF ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းစစ်တပ်က ကယား(ကရင်နီ)ပြည်နယ်အတွင် စစ်သည်အင်အားနှင့်လက်နက်အင်အား အဆမတိုး တိုးမြှင့်ပြီး ထိုးစစ်ဆင်နေသည့်အတွက် ဒေသတွင်းနေပြည်သူများမှာလည်း စစ်ဘေးရှောင်နေရကြောင်း သိရသည်။