ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျောင်းဆရာမတစ်ဦးက ကျောင်းသားကလေးငယ် (၃)ဦးကို ပြင်းထန်စွာ ရိုက်နှက်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျောင်းဆရာမတစ်ဦးက ကျောင်းသားကလေးငယ် (၃)ဦးကို ပြင်းထန်စွာ ရိုက်နှက်
စက်တင်ဘာ 29, 2022 | ရှမ်းတောင်

 ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ အထက်တန်းကျောင်းတွင် ကျောင်းဆရာမ(၁)ဦးက ကျောင်းသားကလေးငယ် (၃)ဦးကို အချိုးရာများ ထင်ကျန်သည်အထိ ပြင်းထန်စွာ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ခမ်းသားငေါဝ်း သတင်းဌာနတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ဆရာမ၏ ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် ကျောင်းသားကလေးငယ် (၃)ဦး၏  ပေါင်များတွင် ညိုမဲစွဲသည်အထိ အချိုးရာများထင်ကျန်သွားသည့်အတွက် ကျောင်းသားမိဘများမှ စိတ်ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရသည်ဟု သိရသည်။

ယင်းသို့ ရိုက်နှက်ခြင်းသည် စက်တင်ဘာလ(၂၄)ရက် စနေနေ့က ဆရာမ၏ ညီမဖြစ်သူ ကားရှေ့ကို အဆိုပါ ကျောင်းသား (၃)ဦးမှ စက်ဘီးဖြင့် ဖြတ်မောင်း၍ဟုဆိုကာ ကျောင်းဖွင့်ရက်တွင် ဆရာမက  ၎င်းတို့ကို ခေါ်ကာ အငြိုးအတေးဖြင့် ရိုက်နှက်ခြင်းဖြစ်ပြီး ယင်းသို့ လုပ်ဆောင်မှုကြောင့် ကလေးများကို ကျောင်းသို့ မပို့တော့ဘဲ ဆရာမကို လက်ရှိကျောင်းကနေ ပြောင်းရွှေ့မှသာ ကျောင်းပြန်ထားမည်ဟု မိသားစုဝင်တစ်ဦး၏   ပြောပြချက်ကို ကိုးကားပြီး ခမ်းသားငေါဝ်း သတင်းဌာနတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး စက်တင်ဘာလ(၂၈)ရက်နေ့က ကျောင်းတာဝန်ရှိသူ နှင့် ကျောင်းသားမိဘများအကြား ညှိနှိုင်းမှုများ လုပ်ဆောင်ပြီး ပြင်းထန်စွာ ရိုက်နှက်သည့် ဆရာမကို ခံဝန်ကတိလက်မှတ် ထိုးစေသည်ဟု သိရသည်။ 

သို့သော်လည်း ယခု ကိစ္စကို အွန်လိုင်းပေါ်တွင် မတင်ရန် ကျောင်းအုပ်ဆရာမက ကျောင်းသားမိဘများကို ပြောဆိုထားပြီး အကယ်၍ တင်ပါက အရေးယူမည်ဟု ခြိမ်းခြောက် ပြောဆိုကြောင်း သိရသည်။ 



ပြီးခဲ့သည့် လများကလည်း တီကျစ်မြို့၏ အနောက်မြောက်ဘက်ရှိ ဆည်ခေါင်းရွာရှိ ကျောင်းတွင် ကျောင်းဆရာမတစ်ဦးက ကျောင်းသား တစ်ဦးကို ပြင်းထန်စွာ ရိုက်နှက်မှုကြောင့် ဆေးရုံတင်ရလိုက်သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

[ ဖော်ပြပါ သတင်းသည် The People's Voice - ခမ်းသားငေါဝ်း  ၏ သတင်းဖြစ်ပြီး Tachileik News Agency နှင့် The People's Voice - ခမ်းသားငေါဝ်း  တို့သည်  ရှမ်းပြည်နယ်သတင်းမီဒီယာများမဟာမိတ်အဖွဲ့ (MASS)၏ အဖွဲ့ဝင် မဟာမိတ်သတင်းဌာနများ ဖြစ်သည်။ ]