ဟိုပုံးမြို့တွင် ညမထွက်ရ အချိန်အတွင်း စာသင်ကျောင်းရှေ့ ဗုံးပေါက်ကွဲ

ဟိုပုံးမြို့တွင် ညမထွက်ရ အချိန်အတွင်း စာသင်ကျောင်းရှေ့ ဗုံးပေါက်ကွဲ
ဇွန် 8, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဟိုပုံးမြို့တွင် ညမထွက်ရအချိန်အတွင်း ဗုံးပေါက်ကွဲမှု အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့တွင် ဇွန်လ(၇)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့ ည(၁၁)နာရီဝန်းကျင်အချိန်က မြို့နယ်ပညာရေးမှူးရုံးအနီး အမကလွန်(၇)ကျောင်းရှေ့ရှိ ရေမြောင်းထဲတွင် ကွဲခြင်းဖြစ်ကြောင်း နှင့် ဟိုပုံးမြို့တွင် ညမထွက်ရအမိန့်ထုတ်ထားသည့်အတွက် ညထွက်သူမရှိကြောင်း သိရသည်။

ကြားတာကတော့  ဗုံးသတင်းရလို့ဆိုပြီး  မတွေ့တွေ့အောင် ရှာကြဆိုပြီး   လာရှာတာတဲ့၊ သူတို့လာမှကွဲတာ။ သူတို့ လာရှာတာကလည်း ညကြီးဗျာ၊ ည(၁၁)နာရီအချိန်ကြီး အသံကအကျယ်ကြီးပဲ၊ အိမ်တောင်ခါတယ်။ ပြည်သူတွေကတော့ သူတို့ဟာ သူတို့ အကြံအဖန်ထုပြီး လုပ်နေတာလို့ ထင်နေကြတယ်ဗျ။

ဟု ဟိုပုံးမြို့ခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် မြို့တွင်းသို့ ဝတ်စုံပြည့်ဖြင့် စစ်ကားများပတ်နေပြီး၊ အရပ်ဝတ်များဖြင့်လည်း ပတ်သွားနေကြောင်း သိရသည်။



ဇွန်လ(၇)ရက်နေ့ နံနက်ပိုင်းက ဟိုပုံးမြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ဗုံး(၂)လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ညပိုင်းတွင်လည်း (၁)လုံး ပေါက်ကွဲခဲ့သည့်အတွက် ဟိုပုံးမြို့တွင် ဇွန်လ(၇)ရက်နေ့ တစ်နေ့တည်း၌ ဗုံး(၃)လုံး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။