ကယားပြည်နယ်ဘက် အင်အားဖြည့်ဖွယ်ရှိသည့် အာဏာသိမ်းစစ်ကောင်စီတပ်များ တောင်ငူဖက်မှ ဆင်းလာပြီး ယာဒိုကျေးရွာအနီးတွင် တပ်စွဲ ရပ်နားနေ

ကယားပြည်နယ်ဘက် အင်အားဖြည့်ဖွယ်ရှိသည့် အာဏာသိမ်းစစ်ကောင်စီတပ်များ တောင်ငူဖက်မှ ဆင်းလာပြီး ယာဒိုကျေးရွာအနီးတွင် တပ်စွဲ ရပ်နားနေ
ဇွန် 7, 2021 | ကယား

ကယားပြည်နယ်တွင်း အင်အားဖြည့်မည်ဟုယူဆရသည့် အာဏာသိမ်းစစ်ကောင်စီ၏တပ်မှ အင်အား (၁၀၀) ဝန်းကျင်သည် တောင်ငူမြို့ဖက်မှ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သို - ယာဒိုလမ်းအတိုင်း စစ်ကားအစီး (၂၀)ကျော်ဖြင့် ဆင်းလာပြီး ၂၀၂၁ ခုနှစ် ဇွန်လ (၇) ရက်နေ့တွင် ယာဒိုကျေးရွာအနီး၌ တပ်စွဲ၍ ရပ်နားနေကြောင်းသိရသည်။

တောင်ငူဖက်မှ ဆင်းလာသော စစ်ကားအစီး(၂၀) ကျော်တွင် အင်အား (၁၀၀) ဝန်းကျင်ပါဝင်ပြီး ဇွန်လ (၇) ရက်နေ့ နေ့လယ်ပိုင်း၌ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာသို့ ရောက်ရှိနေပြီး ညနေ (၃) နာရီခန့်တွင် စစ်သားများကိုချထားခဲ့ကာ ကားများမှာ တောင်ငူဖက်သို့ ပြန်လှည့်သွားကြောင်း သိရသည်။

တောင်ငူဖက်မှ ဆင်းလာသော အဆိုပါ စစ်ကောင်စီတပ်များမှာ ရှမ်းပြည်နယ်တောင်ပိုင်း ဆီးဘူးဒေသကိုဖြတ်၍ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ဖက်သို့ လာရောက်ရန် ဦးတည်ထားကြောင်းသိရပြီး လတ်တလောတွင် ယာဒိုကျေးရွာအနီး၌ တပ်စွဲ၍ရပ်နားနေကြောင်း သိရသည်။

အခုထိ ယာဒိုမှာပဲ တပ်စွဲပြီးရှိနေပါတယ်။ အနီးနားက ကျေးရွာတစ်ချို့ကိုလည်း စစ်ရှောင်ခိုင်းတဲ့သဘောမျိုး ရှောင်ခိုင်းထားတယ်။ ခုထိတော့ ယာဒိုအနီးမှာပဲ စစ်သားတွေရှိ​နေတယ်။ သူတို့ကို လာပို့တဲ့ ကားတွေတော့ ပြန်သွားတယ်

ဟု ည (၆)နာရီကျော် အချိန်ခန့်တွင် ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာအနီးတွင် တပ်စွဲရပ်နားနေသော စစ်ကောင်စီ၏တပ်များမှာ ခြေလျင်ဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း ဆီးဘူးဒေသကိုဖြတ်၍ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ဝင်ရောက်ဖွယ်ရှိသည်ဟု သိရသည်။

စစ်ကောင်စီ၏ တပ်များရောက်ရှိနေသည့် သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာမှာ KNU တပ်မဟာ (၂)ထိန်းချုပ်နယ်မြေအတွင်းရှိ​နေပြီး ယာဒိုကျေးရွာအကျော် ဆီးဘူးဒေသမှာ ကယန်းပြည်သစ်တပ်မတော်ထိန်းချုပ်မြေများဖြစ်ကာ လတ်တလောတွင် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ ကြိုတင်တိမ်းရှောင်နေကြကြောင်း သိရသည်။