ဒီးမော့ဆိုမြို့နယ်အတွင်း ဆီးလီဒုန်းရွာကို အာဏာသိမ်းတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၍ အရပ်သား (၂)ဦးသေပြီး (၄)ဦးဒဏ်ရာပြင်းထန် 

Photo: KNDF
Photo: KNDF
ဒီးမော့ဆိုမြို့နယ်အတွင်း ဆီးလီဒုန်းရွာကို အာဏာသိမ်းတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ၍ အရပ်သား (၂)ဦးသေပြီး (၄)ဦးဒဏ်ရာပြင်းထန် 
ဖေဖော်ဝါရီ 23, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း၊ ဒီးမော့ဆိုမြို့နယ်၊ ဆီးလီဒုန်းကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က  ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့ ညနေပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား (၂) ဦးသေကာ (၄) ဦး ဒဏ်ရာ အပြင်းအထန်ရရှိသွားသည်ဟု သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်အတွင်းကို ယနေ့ တစ်နေကုန်နီးပါး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေရာ နန်းမယ်ခုံကျေးရွာ၌လည်း လက်နက်ကြီးထိမှန်၍ နေအိမ်များ မီးလောင်ကျွမ်းနေကြောင်း သိရသည်။

 

အလားတူ ကရင်နီပြည်နယ် ဒီးမော့ဆို နှင့် နယ်စပ်ရှိ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နှင့် မိုးဗြဲမြို့အနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်၊ ကျေးရွာများတွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်က နေအိမ်များ မီးရှို့ခြင်း၊  အရပ်သားများ၏ ပစ္စည်းဥစ္စာများ ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ရှမ်း - ကရင်နီနယ်စပ်တွင် အင်အားအလုံး အရင်းဖြင့် လေကြောင်းပါသုံး၍ ထိုးစစ်ဆင်နေရာ အရပ်သားများကို ဖမ်း၍ လူသားဒိုင်းအဖြစ်ပါ သုံးနေသည်ကို တွေ့ရသဖြင့် သတိထားကြရန် အများပြည်သူကို ဖယ်ခုံ PDF က အသိပေးထားသည်။