အောင်ပန်းမြို့တွင် အာဏာသိမ်းစစ်တပ်က Drone အသုံးပြု၍ အင်အားသုံးရှာဖွေ ဖမ်းဆီးမှုများ လုပ်နေ

အောင်ပန်းမြို့တွင် အာဏာသိမ်းစစ်တပ်က Drone အသုံးပြု၍ အင်အားသုံးရှာဖွေ ဖမ်းဆီးမှုများ လုပ်နေ
စက်တင်ဘာ 18, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ယနေ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်သံများကြားနေရကာ  အာဏာသိမ်းစစ်တပ်နှင့် PNO ပူးပေါင်းအဖွဲ့တို့က  ဒရုန်းများပါ အသုံးပြု၍ အင်အားသုံးရှာဖွေခြင်းများ ပြုလုပ်နေပြီး ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အောင်ပန်းမြို့မှ ပင်းတယသို့ အထွက်ဘက် သရဲဥမင်ကျေးရွာအနီးဝန်းကျင်တွင် နံနက် (၉)နာရီဝန်းကျင်က ဒရုန်းများပါ အသုံးပြု၍ ရှာဖွေနေသည်ကိုလည်း တွေ့ရကြောင်း သိရသည်။

အောင်ပန်းမြို့အနီး နောင်ရဲရွာဘက်မှ နွားကျောင်းသား (၄) ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသော်လည်း ဖမ်းဆီးရခြင်းအကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

လက်နက်အပြည့်အစုံဖြင့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်မှ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းက စစ်ကားနှစ်စီးဖြင့် ကလောမှ အောင်ပန်းဘက်သို့ သွားသည်ကို တွေ့ခဲ့ကြရပြီးနောက် နေ့လယ်ပိုင်းတွင် အောင်ပန်း - ပင်းတယလမ်းမှ ကလောဘက်သို့ ရဲနှင့် PNO ဝတ်စုံဟု ယူဆရသည့် ဝတ်စုံဝတ်များပါဝင်သည့် (၁၂) ဘီးကား (၂)စီးနှင့် မှန်လုံအဖြူတစ်စီးတို့ ထွက်သွားသည်ကို တွေ့ရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။