ICT ကတ်ဖြင့် နယ်စပ်မှ ဆပ်ပြာ နှင့် သွားတိုက်ဆေးများ တင်သွင်းခွင့် ရပ်ဆိုင်း

ICT ကတ်ဖြင့် နယ်စပ်မှ ဆပ်ပြာ နှင့် သွားတိုက်ဆေးများ တင်သွင်းခွင့် ရပ်ဆိုင်း
ဇွန် 5, 2021 | ရှမ်းရှေ့

နိုင်ငံခြားသုံးငွေ လျှော့ချနိုင်ရေး နှင့် ပြည်တွင်းပစ္စည်းများအပေါ် အကာအကွယ်ပေးနိုင်ရေးအတွက် ဟုဆိုကာ နယ်စပ်မှ ITC ကတ်ဖြင့် တင်သွင်းခွင့်ပြုထားသည့် ဆပ်ပြာ နှင့် သွားတိုက်ဆေးများကို တင်သွင်းခွင့်ရပ်ဆိုင်းကြောင်း တာချီလိတ်ကုန်သည်များအသင်းရုံးထံက သိရသည်။

တစ်ဖက်နိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသများတွင်   ICT ကတ်ဖြင့် တင်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများအနက် ဆပ်ပြာ၊ ဆပ်ပြာမှုန့် နှင့် သွားတိုက်ဆေးတို့ကို ၂၀၂၁ခုနှစ် ဇွန်လ(၄)ရက်နေ့က စ၍ တင်သွင်းခွင့် ရပ်ဆိုင်းသွားရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

ICT ကတ်က ကုမ္ပဏီမရှိတဲ့လူတွေအတွက်၊ မှတ်ပုံတင်ရှိတယ်၊ အိမ်ထောင်စုရှိတယ်ဆိုရင် ICT ကတ်အရင် လျှောက်ရတယ်။ အဲ့ဒီကတ်လျှောက်ပြီးရင် ဂျူတီတွေကို ICT ကတ်နဲ့လည်း လျှောက်လို့ရတယ်။ ICT ကတ်နဲ့ လျှောက်လို့ရတဲ့ ဆပ်ပြာမှုန်တို့ သွားတိုက်ဆေးတို့ကို ပေးမသွင်းတော့ဘူး။ အခုက တံတားမှာတော့ ICT ကတ်နဲ့ သွင်းတာတော့ မရှိဘူး။ ကုမ္ပဏီနဲ့ လိုင်စင်လျှောက်ကြတာများတယ်။

ဟု ကုန်သည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

စစ်တပ်ကအာဏာသိမ်းလိုက်ပြီး (၃)လအကြာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုထားသည့် အချိုရည်၊ ကော်ဖီမစ်/ တီးမစ်မျိုးစုံ၊ Instant Coffee၊ နို့ဆီ/နို့စိမ်းများကို ၂၀၂၁ ခုနှစ်၊ မေလ (၁) ရက်နေ့မှစပြီး နယ်စပ်မှ တင်သွင်းခွင့်ကို ယာယီပိတ်လိုက်ပြီး ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ပြုတော့မည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသဖြင့် နယ်စပ်များတွင် စစ်ဆေးမှုများ တင်ကြပ်နေကြောင်းလည်း သိရသည်။