ဟိုပုံးမြို့တွင် ညပိုင်း နေအိမ်ရှေ့ အုတ်ခုံပေါ်တွင် ထိုင်နေသည့် လူငယ်များ အပါအဝင် (၇)ဦးကို ဖမ်းဆီး 

ဟိုပုံးမြို့တွင် ညပိုင်း နေအိမ်ရှေ့ အုတ်ခုံပေါ်တွင် ထိုင်နေသည့် လူငယ်များ အပါအဝင် (၇)ဦးကို ဖမ်းဆီး 
ဇွန် 5, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင်  ၂၀၂၁ခုနှစ် ဇွန်လ(၄)ရက်နေ့ ည(၁၁)နာရီခွဲကျော်အချိန်က အမျိုးသား (၇)ဦး ဖမ်းခံရကြောင်း သိရသည်။

 ဟိုပုံးမြို့၊ အနောက်မြို့ပတ်လမ်းရှိ မြို့ဦးရပ်ကွက်အတွင်း နေအိမ်ရှေ့ရှိ အုတ်ခုံတွင် ထိုင်နေသည့် လူငယ်(၅)ဦးအား နှင့် လမ်းပေါ်တွင် ဆိုင်ကယ်မောင်းလာသည့် (၂)ဦး အပါအဝင် (၇)ဦးကို လှည့်ကင်းအဖွဲ့က ဇွန်လ(၄)ရက်နေ့ ည(၁၁)နာရီခွဲကျော်အချိန်က ဖမ်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဝိုင်းဖွဲ့နေတာက (၅)ဦး၊ လမ်းပေါ်မှာ သူ့ဟာသူ ဆိုင်ကယ်မောင်းလာတာက (၂)ဦး စုစုပေါင်း ဖမ်းခံရတာ (၇)ဦး၊ လာဖမ်းတာက ရဲအယောက်(၂၀)လောက်ရှိတယ်။ သူတို့ လာလို့ ကိုယ့်အိမ် သူ့အိမ်ပြန်ကြတာ၊ အိမ်ထဲအထိ ဝင်ဖမ်းတာတွေ၊ လေးဂွတွေနဲ့ ပစ်တာတွေလုပ်တယ်။ တချို့ အိမ်ထဲထိ ခြံစည်းရုံးတွေကျော်ပြီး  ချိုးဖျက်ပြီး ဖမ်းတယ်။ သူတို့က ဘာမှလုပ်တဲ့သူတွေမဟုတ်ဘူး၊ ဒီတိုင်းပဲ ညတိုင်း ထိုင်နေကျ၊

ဟု မြင်တွေ့ရသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အုတ်ခုံပေါ်စုဖွဲ့ထိုင်၍ ဖမ်းခံရသည့် (၅)ဦးတွင် ကိုရဲရင့်နိုင်၊ ကိုဇော်လွင်၊ ကိုဖိုးလပြည့် နှင့် ကိုအားနိုး အပါအဝင် (၅)ဦးဖြစ်ကြောင်း သိရသည်။

ယခုလို ဖမ်းဆီးခြင်းမှာ လွိုင်ကော်ဘက်က PDF လူငယ်အချို့ ဟိုပုံးသို့ ဝင်ရောက်မည်ဟု စစ်တပ်နှင့်ရဲက သတင်းရရှိ စောင့်ကြည့်နေရာမှ ယခုလို စုဖွဲ့နေသည်ကို သတင်းရ၍လည်း လာဖမ်းခြင်း ဖြစ်သည်ဟု ဒေသတွင်း သတင်းများအရ ကြားသိရသည်။

ဟိုပုံးမြို့တွင် ညမထွက်ရ အဖြစ် ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း သတ်မှတ်ထားပြီး ဟိုပုံး ရဲတပ်ဖွဲ့ ညစဉ် ည(၈)နာရီခွဲက စ၍ မြို့ပေါ် လမ်းမကြီး နှင့် ရပ်ကွက်များတွင် အရပ်ဝတ်များဖြင့်သေနတ်များပါရှိပြီး ဆိုင်ကယ်များဖြင့် တစ်ဖွဲ့ ကားဖြင့် တစ်ဖွဲ့ လှည့်လည်လေ့ရှိကြောင်း သိရသည်။