မယ်ဆိုင်ဘက်တွင် ချင်းမိုင်သွားရန် လက်မှတ်ပြုလုပ်ရာက ချင်ရိုင်း နှင့် ချင်းမိုင် ကွဲလွဲ၍ နယ်ကျော်မှုနဲ့ မြန်မာ (၁၅)ဉီး ဖမ်းခံရ

မယ်ဆိုင်ဘက်တွင် ချင်းမိုင်သွားရန် လက်မှတ်ပြုလုပ်ရာက ချင်ရိုင်း နှင့် ချင်းမိုင် ကွဲလွဲ၍ နယ်ကျော်မှုနဲ့ မြန်မာ (၁၅)ဉီး ဖမ်းခံရ
မတ် 22, 2020
By Tachileik News Agency
မယ်ဆိုင်ဘက်တွင် ချင်းမိုင်သွားရန် လက်မှတ်ပြုလုပ်ရာက ချင်ရိုင်း နှင့် ချင်းမိုင် ကွဲလွဲ၍ နယ်ကျော်မှုနဲ့  မြန်မာ (၁၅)ဉီး ဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ချင်းမိုင်ရှိ မိသားစု အလှူအတွက်သွားသည့် မြန်မာနိုင်ငံသား (၁၅)ဦးကို ပွဲစားတစ်ဦးက မယ်ဆိုင် လူဝင်မှုကြီးကြပ်ရေးရုံး၌ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကို ချင်းမိုင်လက်မှတ်မဟုတ်ဘဲ ချင်းရိုင်းလက်မှတ် လုပ်ပေးလိုက်သဖြင့် ချင်းမိုင်အဝင်နယ်စပ်၌ ဖမ်းဆီးခံရကြောင်း သိရသည်။

“ချင်းမိုင်လက်မှတ် လုပ်ခိုင်းတာ ချင်းမိုင်လက်မှတ်မဟုတ်လို့ အဖမ်းခံရတာ။ မတ်လ (၆)ရက်နေ့က သွားတာ။ အဖမ်းခံရတော့ ဒဏ်ငွေ တစ်ယောက် ဘတ် (၁၀၀၀)ပေးရတယ်။ အချုပ်ထဲမှာထားပြီး အခုပြန်ပို့ပေးတာ”ဟု ချင်းမိုင်သွားစဉ် အဖမ်းခံရသည့်အဖွဲ့မှ မနန်းမိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့နယ်မှ  အမျိုးသမီး (၉)ဦးနှင့် အမျိုးသား (၆)ဦးပါဝင်သည့် အဖွဲ့သည် ချင်းမိုင်တွင် ပြုလုပ်သည့် မိသားစု အလှူသွားရောက်ရန် တာချီလိတ်မြို့မှတစ်ဆင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် မယ်ဆိုင်မြို့ဘက် ကူးသွားကာ မယ်ဆိုင်လူဝင်မှုကြီးကြပ်ရေးရုံး၌ ချင်းမိုင်သို့ဖြတ်သန်းခွင့်လက်မှတ်ပြုလုပ်စဉ် အဆိုပါရုံးရှေ့တွင်တွေ့ရသည့် ပွဲစားတစ်ဦးအား အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က တရားဝင်သွားတာ။ ချင်းမိုင်သွားဖို့ မယ်ဆိုင်လဝကရုံးမှာ လက်မှတ်လုပ်တော့ ဘာသာစကား အခက်အခဲကြောင့် အဲဒီရုံးရှေ့က လူတစ်ယောက်က လုပ်ပေးမယ်ဆိုလို့ လုပ်ခိုင်းတာတဲ့။ ချင်းမိုင်လက်မှတ်က တစ်ယောက်ကို ဘတ် (၁၇၀၀)၊ ချင်းရိုင်းလက်မှတ်က တစ်ယောက်ကို ဘတ် (၄၀၀)ပဲကျတယ်။ အဲဒါ ချင်းမိုင် လက်မှတ်ဖိုးတောင်းပြီး ချင်းရိုင်းလက်မှတ် လုပ်ပေးလိုက်တယ်တဲ့။ လက်မှတ်လုပ်ပေးတဲ့သူကပဲ ချင်းမိုင်သွားဖို့ ကားငှားပေးလို့ သူငှားပေးတဲ့ကားနဲ့ပဲ ချင်းမိုင်သွားရင်း ဖမ်းခံရတာလို့ပြောကြတယ်”ဟု တာချီလိတ်မြို့မှ တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ပြန်လည်လက်ခံရေးပူးပေါင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ (၁၅)ဦးအဖွဲ့ကို မယ်ဆိုင်မြို့မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းပေးသည့် ဖမ်းဆီးခံရသော ရွှေ့ပြောင်းအလုပ်သမား (၉)ဦးနှင့်အတူ မတ်လ (၂၂)ရက်နေ့၌ မယ်ဆိုင်ဘက်မှ လွှဲပြောင်းပေးလာခြင်းဖြစ်သည်။

ချင်းမိုင်သွားစဉ် ဖမ်းဆီးခံရသည့် (၁၅)ဦးအဖွဲ့တွင် အသက်အရွယ်ကြီးသည့် အမျိုးသမီးများလည်း ပါဝင်သည်ကိုတွေ့ရပြီး မတ်လ (၂၃)ရက်နေ့၌  လားရှိုးသို့လေယာဉ်ဖြင့်ပြန်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~