တာချီလိတ်တွင် ကျိုင်းတုံမှ ကားခိုးလာသူများကို ဖမ်းမိ

တာချီလိတ်တွင် ကျိုင်းတုံမှ ကားခိုးလာသူများကို ဖမ်းမိ
နိုဝင်ဘာ 24, 2019
By Tachileik News Agency

ကျိုင်းတုံမြို့တွင် ခိုးယူခံရသည့် ကားနှင့် ပတ်သက်၍ တာချီလိတ်မြို့ရှိ ကားပွဲစားတန်းတစ်ခုတွင် ရဲတပ်ဖွဲ့မှ ကားဝယ်သူအဖြစ် အသွင်ယူဖမ်းဆီးရာက သက်သေခံ မော်တော်ကားနှင့်အတူ ကားခိုးသူများကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၂3)ရက်နေ့က  ဖမ်းဆီးရမိကြောင်း သိရသည်၊

ရဲတပ်ဖွဲ့ထံ လာရောင်းသည့် မော်တော်ကားမှာ ကျိုင်းတုံမြို့တွင် နိုဝင်ဘာလ (၂၁)ရက်နေ့က ပျောက်ဆုံးသွားသဖြင့် ကျိုင်းတုံမြို့မရဲစခန်း၌ နိုဝင်ဘာလ (၂၃)ရက်နေ့တွင် အမှုဖွင့်တိုင်ကြားထားသည့်အမှုမှ မော်တော်ကား ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျိုင်းတုံမြို့ရှိ IRON CROSS စားသောက်ဆိုင်မှ ဆိုင်ရှင်အမျိုးသမီးသည် နိုဝင်ဘာလ (၂၁) ရက်နေ့ ညပိုင်းက နောင်တုံကန်ဘေးတွင် ကားရပ်ထားပြီး  အကင်သွားစားနေစဉ် ရပ်ထားသည့် ကားမှာ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံ တိုင်ကြားထားခြင်းဖြစ်ပြီး ယင်းကဲ့သို့ မော်တော်ယာဉ် မပျောက်ဆုံးမီ ည (၈) နာရီဝန်းကျင်က ၎င်း၏ ဆိုင်သို့လာသည့် အမျိုးသား (၄) ဦးသည် ဆိုင်အပေါ်ထပ်နှင့် အောက်ထပ် အတက်အဆင်း အကြိမ်များစွာပြုလုပ်ခဲ့ကာ ၎င်းတို့ပြန်သွားချိန်တွင် ဆိုင်ကောင်တာ၌ တင်ထားသည့် ကားသော့မှာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဆိုင်ရှင်က ကားသော့အပိုဖြင့် မော်တော်ကားအား မောင်းနှင်ကာ နောင်တုံကန်ပတ်လမ်းတွင် အကင်သွားစားပြီး ပြန်ထွက်လာစဉ်  မော်တော်ယာဉ်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ကားပျောက်ဆုံးမှုကို ကျိုင်းတုံမြို့မ ရဲစခန်းတွင် (ပ)၁၄၁၃/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (ကား)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ကားခိုးယူသွားသူမှာ တာချီလိတ်တွင် ရောက်ရှိနေစဉ် ဝယ်ယူသူ ဟန်ဆောင်ထားသည့် ရဲတပ်ဖွဲ့ထံ မော်တော်ယာဉ် လာရောက်ရောင်းချရာမှ  မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိလိုက်ပြီး ၎င်းနှင့်အတူ လိုက်ပါလာသူနှစ်ဦးအနက် တစ်ဦးကိုပါ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ကားခိုးယူသွားသူ (၄)ဦးအနက် ဒံယေလ၊ စိုင်းဇင်မွန်(ခ) ကိုစိုင်းနှင့် သန်းလှ (ခ) ရခိုင်ကြီးတို့ကို ဖမ်းဆီးရမိထားပြီး ထွက်ပြေးနေသူတစ်ဦးကို ဖမ်းဆီးရမိရေးဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency