စစ်ဘေးရှောင် ကရင်နီပြည်သူများအတွက် ရှမ်းလူငယ်အဖွဲ့များက ပူးပေါင်း လှူဒါန်း

စစ်ဘေးရှောင် ကရင်နီပြည်သူများအတွက် ရှမ်းလူငယ်အဖွဲ့များက ပူးပေါင်း လှူဒါန်း

ကယား (ကရင်နီ)ပြည်နယ်မှ စစ်ဘေးရှောင်နေရာ (၁၂) နေရာအတွက် ရှမ်းလူငယ်အဖွဲ့အစည်း (၃) ဖွဲ့စုပေါင်း၍ လိုအပ်သည့်ပစ္စည်းများပေးပို့နေပြီး မိုးရာသီအတွင်း စစ်ဘေးရှောင်များအတွက် ထပ်မံလိုအပ်နေသည့် အမိုးအကာနှင့် ဆေးဝါးများကိုလည်း ထပ်မံဆက်သွယ် လှူဒါန်းနိုင်ကြကြောင်း သိရသည်။

လတ်တလောတွင် ရှမ်းလူငယ်အဖွဲ့များဖြစ်ကြသည့်  Tai Youths Network Japan မှ ကျပ်သိန်း (၂၀)၊  Tai Youth Yangon မှ ကျပ် (၁၅) သိန်းနှင့်  Tai Students' Union မှ ကျပ် (၇)သိန်းကျော်တို့ဖြင့် ကရင်နီစစ်ဘေးရှောင် (၁၂) နေရာမှ လူဦးရေ (၂,၇၂၆) ဦးအတွက် လိုအပ်သည့်ပစ္စည်းများ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ ရှမ်းလူငယ်တွေက ကရင်နီညီအစ်ကိုများနဲ့ ထပ်တူရှိနေပါတယ်။ လက်ရှိ ရှမ်းမြောက်မှာလည်း စစ်ဘေးရှောင် (၈,၀၀၀) ကျော် ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ညီအစ်ကိုချင်း ကိုယ်ချင်းစာလို့ လှူဒါန်းဖြစ်တာပါ

ဟု Tai Youth Yangon မှ လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကရင်နီစစ်ဘေးရှောင်များအတွက် မျှဝေခြင်းအစီအစဥ်အဖြစ် ပင်လောင်း၊ ဖယ်ခုံနှင့် မိုးဗြဲမှ ရှမ်းလူငယ်များ အကူအညီဖြင့် ကရင်နီစစ်ဘေးရှောင်နေရာ (၁၂)နေရာအတွက် လိုအပ်သည့်ပစ္စည်းများ ပေးပို့ထားပြီးဖြစ်ကာ အဆိုပါ စစ်ဘေးရှောင်များတွင် ကိုယ်ဝန်ဆောင်သည် (၁၂)ဦးအပြင် လေဖြတ်နေသည့် သက်ကြီးရွယ်အိုများလည်းရှိနေသည်ဟု သိရသည်။

ဆက်သွယ်လှူဒါန်းလိုသူများအနေဖြင့် Tai Youth Yangon ၏ Facebook page [ https://www.facebook.com/TaiYouthYGN ]မှ တဆင့် ဆက်သွယ်ပြီး လှူဒါန်းနိုင်သလို လှူဒါန်းလာမှုများကိုလည်း    စစ်ဘေးရှောင်စခန်းများသို့ ဆက်သွယ်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။



Photo: Tai Youth Yangon