စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်ကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွားနေသည့် ဆီဆိုင်မြို့နယ်တွင်းသို့ ပြည်သူများ ဝင်ရောက်မိပါက စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို ခံရနိုင်ကြောင်း PNLA က အသိပေး

စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်ကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွားနေသည့် ဆီဆိုင်မြို့နယ်တွင်းသို့ ပြည်သူများ ဝင်ရောက်မိပါက စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို ခံရနိုင်ကြောင်း PNLA က အသိပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဆီဆိုင်မြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီဟု သတင်းထုတ်ပြန်ထားသည့် ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီသည် ပြည်သူအား လူသားဒိုင်းအဖြစ်အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် လူထုများအား မြို့တွင်းပြန်ဝင်နိုင်ပြီဖြစ်ကြောင်း သတင်းအမှားများ ဖြန့်နေလျက်ခြင်းသာ ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PLNA ) က ၂၀၂၄ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ဆီဆိုင်မြို့အား ပြန်လည်ထိန်းချုပ်လိုက်ပြီဟု သတင်းထုတ်ပြန်ထားသော်လည်း လက်ရှိဆီဆိုင်မြို့တွင်းသည် တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ ဖြစ်ကြောင်း နှင့် စစ်ကောင်စီသည် မြို့တွင်းသို့ စစ်ကြောင်းထိုးလာသဖြင့် မြို့သည် စစ်ဇုန်ဖြစ်နေဟု PNLA က ဆိုသည်။

"ပြည်သူများခင်ဗျား ကျွန်တော်တို့ရဲ့ တရားဝင်ထုတ်ပြန်ချက်ကိုသာ စောင့်ကြည့်ကြပါ။ လိုက်နာကြပါ။ သတင်းအမှားကိုယုံမိပြီး စစ်မက်ဇုန်အတွင်း ဝင်မိရင် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်ပွားနိုင်ပါတယ်။"ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက မတ်လ(၃၀)ရက်နေ့တွင် အသိပေးထားသည်။

အာဏာသိမ်း စစ်ကောင်စီက လူထုတချို့ကို  ပအိုဝ်းတိုင်းရင်းသား၀တ်စုံကို ၀တ်ဆင်စေပြီး လူသားဒိုင်းလုပ်ကာ ဆီဆိုင်မြို့တွင်းနေရာအချို့တွင် ဓာတ်ပုံ၀င်ရိုက်ကြသည်ကို တွေ့မြင်နေရသော်လည်းစစ်ကောင်စီက လူထုကို လူသားဒိုင်းလုပ်ထားသဖြင့်  PNLA အနေဖြင့်  တိုက်ခိုက်မှု မပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။



စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်ကို ယုံကြည်ပြီး   စစ်မက်ဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ဝင်ရောက်မိပါက စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို ခံရနိုင်ပြီး မလိုလားအပ်သည့် ထိခိုက်မှုများလည်းဖြစ်ပွားနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းမခံရစေရန်နှင့် တိုက်ပွဲအကြား မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်စေရန်အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တရားဝင်ထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ကြရန် အထူးတိုက်တွန်းအပ်ပါသည်ဟု အသိပေးထားရှိသည်။

အာဏာသိမ်း စစ်ကောင်စီက "ဒေသခံတိုင်းရင်းသား ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆီဆိုင်မြို့အား အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်၊ ထောက်ပံ့ငွေများပေးအပ်"ဆိုသည့် ခေါင်းစဉ်ဖြင့် ဆီဆိုင်မြို့အား ပြန်လည်ထိန်းချုပ်ထားကြောင်းကို ၎င်းတို့၏ ဝါဒဖြန့် သတင်းမီဒီယာများကနေ ၂၀၂၄ခုနှစ် မတ်လ(၃၀)ရက်နေ့က ဖော်ပြလာပြီးနောက် PNLA က ယခုလို ပြည်သူများအား အသိပေး သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။