တာချီလိတ်မြို့တွင် ဖမ်းခံထားရသည့် လူငယ်(၂)ဦးကို ပုဒ်မ(၄)ခုဖြင့် အမှုဖွင့်ထားပြီး ကျန်ရှိသူများကို စုံစမ်းရှာဖွေနေ

တာချီလိတ်မြို့တွင် ဖမ်းခံထားရသည့် လူငယ်(၂)ဦးကို ပုဒ်မ(၄)ခုဖြင့် အမှုဖွင့်ထားပြီး ကျန်ရှိသူများကို စုံစမ်းရှာဖွေနေ
မေ 28, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် မေလ(၂၆)ရက်နေ့က ဖမ်းခံထားရသည့် လူငယ်(၂)ဦးကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု နှင့် ဖောက်ခွဲမှုများ လုပ်ဆောင်သည်ဟု ဆိုကာ ပုဒ်မ (၄)ခုဖြင့် မေလ(၂၇)ရက်နေ့က တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လိုက်ပြီး ကျန်ရှိသူများကို ဖမ်းဆီးရမိရေး ဆက်လက်စစ်ဆေးကာ စုံစမ်း ရှာဖွေနေကြောင်း သိရသည်။

 

မေလ(၂၆)ရက်နေ့ နေ့လည်(၂)နာရီကျော်အချိန်က ရဲနှင့်စစ်တပ်(စရဖ)တို့ ပါဝင်သည့်အဖွဲ့က ဝမ်ကောင်းရပ်ကွက်၊ အားခေရွာအတွင်းနေ စိုင်းလင်းကျော်ကို သွားရောက်ဖမ်းဆီးပြီးနောက် ည(၆)နာရီဝန်းကျင်အချိန်တွင်  ဇင်ကိုအောင်အား ဆက်လက်ဖမ်းဆီးပြီး စစ်ကြောရေးပြုလုပ်ပြီးနောက် ကျန်သည့် လူငယ်များကို ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

မေလ(၂၇)ရက်နေ့ကလည်း အမည်စာရင်းရရှိထားသည့် လူငယ်အချို့၏ နေအိမ်များသို့ သွားရောက် မေးမြန်းမှုများ ပြုလုပ်ကြောင်း  သိရသည်။

လတ်တလောဖမ်းဆီးခံထားရသည့် အသက် (၁၉)နှစ်ရှိ စိုင်းလင်းကျော် နှင့် အသက်(၂၁)နှစ်အရွယ်ရှိ ဇင်ကိုအောင်(ခ)အူငဲတို့အား တာချီလိတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မများဖြစ်သည့် ပုဒ်မ ၅၀၅-က၊ ပုဒ်မ - ၂၈၆၊ ပုဒ်မ - ၃၅၃၊ ပုဒ်မ- ၁၁၄ တို့ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

 

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း စစ်အာဏာရှင်ကိုအားမပေး၍ ဖမ်းဆီးခံရသူများကို ဖမ်းဆီးရမိပြီး ရက်ပိုင်းအတွင်း  ကျိုင်းတုံထောင်သို့ ပို့ဆောင်မှုများ ပြုလုပ်သော်လည်း ၂၀၂၁ခုနှစ် မေလ(၉)ရက်နေ့ကစ၍ ဖမ်းဆီးရမိပြီး ပုဒ်မ ၅၀၅-က အပါအဝင် နိုင်ငံရေးနှင့်ဆက်နွယ်သူများကို ကျိုင်းတုံထောင်သို့ မပို့တော့ဘဲ တာချီလိတ်မြို့မရဲစခန်းတွင်သာ ထားရှိပြီး တရားရုံးထုတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။