ဒီးမော့ဆိုမြို့တွင် မေလ(၂၇)ရက်နေ့ ညပိုင်းပစ်ခတ်မှုများမှာ နောက်တစ်နေ့အကူးထိ ဆက်တိုက် ဖြစ်ပွားနေ

ဒီးမော့ဆိုမြို့တွင် မေလ(၂၇)ရက်နေ့ ညပိုင်းပစ်ခတ်မှုများမှာ နောက်တစ်နေ့အကူးထိ ဆက်တိုက် ဖြစ်ပွားနေ
မေ 28, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့ ည (၈)နာရီခွဲဝန်းကျင်က စတင်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေရာ မေလ (၂၈) ရက်နေ့ နံနက် (၁) နာရီ (၄၅)မိနစ်အချိန်ထိ ဆက်လက် ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းသို့ အာဏာသိမ်းစစ်ကောင်စီ၏တပ်က ယမန်နေ့ည (၈)နာရီခွဲကတည်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နာရီပိုင်းခြား၊ မိနစ်ပိုင်းခြားပြီး ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ပစ်ခတ်နေတယ်။ ပြင်းပြင်းထန်ထန်ကို ပစ်နေတာ။ ည (၈)နာရီခွဲလောက်ကတည်းက ပစ်လိုက်၊ ရပ်လိုက်၊ ပစ်လိုက်နဲ့ပဲ။ ထိခိုက်တာတွေတော့ ကျွန်တော်တို့ မသိရသေးဘူး ။ အခုက ဆက်သွယ်ရေးတွေလည်း သိပ်အဆင်မပြေဘူး။ သူတို့ကတော့ ဆက်တိုက် ရမ်းပစ်နေတယ်။ ကျွန်တော်တို့ဖက်ကလည် တစ်ချို့နေရာတွေမှာ ပြန်ပစ်ခတ်တာ ရှိတယ်။ ကျွန်တော်တို့ စောင့်ကြည့်နေတယ်။ ဆက်ပစ်နေအုံးမယ်ထင်တယ်

ဟု မြေပြင်တွင်ရှိနေသည့် PDF အဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒီးမော့ဆိုတွင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF)နှင့် စစ်ကောင်စီတပ်တို့ကြား မေလ (၂၇) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ည (၈)နာရီ ခွဲအချိန်မှစ၍ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေသည့်အပြင် လွိုင်ကော်အခြေစိုက် အမြောက်တပ်ကလည်း ဒီးမော့ဆိုဘက်သို့ အချက် (၃၀) ကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။