ဒီးမော့ဆိုမြို့တွင် ဒုက္ခသည်ကူညီကယ်ဆယ်ရေးအတွက် သွားရောက်သည့်  Free Burma Ranger  (Karenni)၏ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

ဒီးမော့ဆိုမြို့တွင် ဒုက္ခသည်ကူညီကယ်ဆယ်ရေးအတွက် သွားရောက်သည့်  Free Burma Ranger  (Karenni)၏ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး
မေ 27, 2021 | ကယား

ကယား​​ပြည်နယ်၊  ဒီးမော့ဆိုမြို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့ နေ့လယ်ပိုင်းက ဒုက္ခသည်ကူညီကယ်ဆယ်ရေးအတွက် မြို့တွင်းသို့ သွားရောက်ရာတွင် အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ Free Burma Ranger  (Karenni) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားသည်။ 

ဒီးမော့ဆိုမြို့နယ်အတွင်း ဒုက္ခသည်ကူညီကယ်ဆယ်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် Free Burma Ranger ( Karenni ) အဖွဲ့တို့ မြို့တွင်းဝင်ရောက်စဥ် ဒေါငံခါး လမ်းခွဲ တံတားဖြူ အနီး၌ ရွာတွင်းနေအိမ်များတွင် ဝင်ရောက်နေသည့် စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် ထိပ်တိုက်တိုးကာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဒီဒုက္ခသည် ကူညီကယ်ဆယ်ရေးအတွက် လုပ်ဖို့ သွားတာပေါ့။ လမ်းခွနားရောက်တဲ့ချိန်မှာ ရပ်ကွက်ထဲမှာ စစ်သားတွေက အိမ်တွေထဲ ရိက္ခာလိုက်ယူနေတာလား ဘာလား မသိဘူး။ အဲဒါ အင်အား (၃၀) လောက်ရှိတယ်။ သူတို့နဲ့ ထိပ်တိုက်တိုးမိပြီး ပစ်ခတ်ကြတယ်။ အခု ကျသွားတဲ့သူက အရှေ့ကိုတက်မိသွားတယ်။ အဲဒီမှာ သူ့ကို ဝိုင်းခံလိုက်ရပြီး ခြေထောက်ရယ် ပခုံးရယ် ရင်ဘတ်ရယ်ကိုပစ်တယ် ။ ပြီး​တေ့ာ သေနတ်ဒင်နဲ့ ဝိုင်းရိုက်ကြပြီး ရေထဲပစ်ချသွားတယ်။ အဲဒါအလောင်းကို ရေထဲက ပြန်ဆယ်ပြီး သယ်လာရတယ်။ အလောင်းကိုတော့ ရေထဲကနေ မနည်းဆယ်ယူခဲ့ရတယ်။

ဟု မြေပြင်တွင်ရောက်ရှိနေသူ PDF အဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

အဆိုပါတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှလည်း ဒဏ်ရာရ၊ ပျောက်ဆုံးသူ ရှိနေသည်ဟု သိရသည်။

PDF တပ်ဖွဲ့ထဲကတော့ ဒဏ်ရာရထားတဲ့ (၁) ယောက်ရှိပြီး  (၂) ယောက်ကိုတော့ ရှာဖွေနေသေးတယ်။ သူတို့လည်း ဒဏ်ရာ ရထားမယ်ထင်တယ်။ အခုရှာနေသေးတယ် ။ကျွန်တော်တို့ဖက်က ကူညီကယ်ဆယ်ရေး အနေနဲ့ဆိုတော့ သေနတ်ကလည်း တူမီးလောက်ပဲ ပါလာတာ ။ လက်နက်အင်အားလည်း မမျှဖြစ်သွားတာပေါ့

ဟု PDF အဖွဲ့ဝင်တစ်ဦးကပြောသည်။ 

ဒီမော့ဆိုမြို့တွင် မေလ (၂၇) ရက်နေ့  နေ့လယ် (၁၁) နာရီကျော်ဝန်းကျင်မှစ၍ စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ခဲ့၍ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် တစ်နာရီကျော်ကြာ  တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့်ပါ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။