ဖားဆောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ တော်လှန်ရေးတပ်က သိမ်းဆည်းရရှိ

ဖားဆောင်းမြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ တော်လှန်ရေးတပ်က သိမ်းဆည်းရရှိ
အောက်တိုဘာ 9, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ခုံးဟန့်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီအမျိုးသားတော်လှန်ရေးတပ်ဖွဲ့များ ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၄)ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ဖားဆောင်း PDFထံမှ သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် အလယ်ပိုင်းတိုင်း၊ ကယားစစ်ဒေသရှိ PDFsနှင့် ERO တပ်ပေါင်းစုတို့ (၁)နာရီဝန်းကျင်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဖက်မှ အရာရှိတစ်ဦးနှင့် အခြားအဆင့် (၅)ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဖားဆောင်း PDF က ယနေ့ အောက်တိုဘာလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ MA1 တစ်လက်၊ MA2 တစ်လက်နှင့် MA4 တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ က လ လ တ (၇၈၉၄)တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

တိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်း၊ ကယားစစ်ဒေသ(ကရင်နီ) ဘောလခဲခရိုင် ပြည်သူ့ကာကွယ်ရေးတပ် များဖြစ်သည့် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်(အမှတ်-၁၁၀၅)၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(အမှတ်-၁၁၀၈)၊ DMO Local PDF တပ်ရင်း(၂)၊ KA ပြောက်ကျားတပ်ဖွဲ့၊ က လ လ တ (၄၈၇၈၊ ၇၈၉၄၊ ၉၄၂၀)တပ်ရင်းတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency