လွိုင်ကော်မြို့ပေါ် နေရာအနှံ့တွင် အာဏာသိမ်းအဖွဲ့ ညပိုင်းကင်းလှည့် အချိန်အတွင်း ပေါက်ကွဲသံများ ဆက်တိုက်ကြားရ

လွိုင်ကော်မြို့ပေါ် နေရာအနှံ့တွင် အာဏာသိမ်းအဖွဲ့ ညပိုင်းကင်းလှည့် အချိန်အတွင်း ပေါက်ကွဲသံများ ဆက်တိုက်ကြားရ
မေ 22, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင်းနေရာအနှံ့တွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်နေ့ ည (၈) နာရီကျော်မှစ၍ ပေါက်ကွဲ သံများ ဆက်တိုက်ကြားနေရပြီး ရပ်ကွက်များတွင်လည်း အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များက ခြေလျင် လှည့်လည်သွားလာနေကြောင်း သိရသည်။

ကျွန်တော်ကြားတာတော့ စပေါက်ကတည်းကဆို (၇) ချက်ကျော်လောက်ရှိတယ်။ နေရာအနှံ့ပဲဗျ။ ဒီချိန်က ဘယ်သူမှလည်း မထွက်ကြတော့ သေချာမသိရဘူး။ စစ်တပ်ရှိတဲ့ (၅၄)ဖက်လဲ ပေါက်တယ်ကြားတယ်။ အသံက​တေ့ာ တော်​တော်ကျယ်တယ်။ ခုက အပြင်မှာဆို သူတို့တွေပဲရှိတယ်။ တစ်နေကုန် အခုထိ ရပ်ကွက်တွေထဲ လိုက်လှည့်နေတယ်

ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့တွင်းရှိ နောင်ယား၊ ဒေါဥခူ ၊ ဒေါနိူးကူး ၊ နမ့်ဘော်ဝမ်၊ မင်းစုရပ်ကွက်များမှ ပေါက်ကွဲသံများ ကြားရသည်ဟု ဒေသခံများထံမှ သိရပြီး ည (၈)နာရီကျော်မှ (၁၀)နာရီခွဲ အချိန်ထိ ပေါက်ကွဲသံ( ၈) ချက် ကြားရသည်ဟု ဒေသခံများက ဆိုသည်။

အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လက်နက်ကိုင်များက မေလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ လက်နက်အပြည့်အစုံဖြင့် လွိုင်ကော်မြို့ လမ်းမကြီးများပေါ် ခြေလျင်လှည့်လည်နေကာ ညဖက်တွင် ရပ်ကွက်များအတွင်း လှည့်လည်ပြီး နေအိမ်အချို့ကိုလည်း ဝင်ရောက် စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။