ကျိုင်းတုံတက္ကသိုလ်မှ CDM လုပ်ဆောင်ထားသည့် ပါမောက္ခများ အပါအဝင် (၃၈)ဦး ရာထူးမှ ထုတ်ပယ်ခံရ

ကျိုင်းတုံတက္ကသိုလ်မှ CDM လုပ်ဆောင်ထားသည့် ပါမောက္ခများ အပါအဝင် (၃၈)ဦး ရာထူးမှ ထုတ်ပယ်ခံရ
မေ 24, 2021 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်မှ CDM လုပ်ဆောင်ထားသည့် ပါမောက္ခများနှင့် ဌာနစုမှူးအထိ စုစုပေါင်း (၃၈)ဦးကို အာဏာသိမ်း စစ်တပ်က ခန့်ထားသည့် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက ရာထူးမှထုတ်ပယ်(Removal)လိုက်ကြောင်း သိရသည်။

ကျိုင်းတုံတက္ကသိုလ်မှ ရာထူးကထုတ်ပယ်ခံရသည့် အရေအတွက်မှာ ပါမောက္ခ (၄)ဦး၊ တွဲဖက်ပါမောက္ခ(၁၃)ဦး၊ ကထိက (၁၄)ဦး၊ လက်ထောက် ကထိက (၆)ဦး နှင့် ဌာနစုမှူး (ဘဏ္ဍာ)မှ (၁)ဦး စုစုပေါင်း (၃၈)ဦး ဖြစ်သည်။

၎င်းတို့သည် ပြီးခဲ့သည့် မေလ(၆)ရက်နေ့က တာဝန်မှ ယာယီရပ်ဆိုင်းခံထားရသူများဖြစ်ပြီး မေလ(၂၀)ရက်နေ့တွင် ရာထူးမှ ထုတ်ပယ်ကြောင်း ထပ်မံကြေညာခံရသူများ ဖြစ်သည်။

ကျိုင်းတုံတက္ကသိုလ်မှ   အချိန်ပိုင်းနည်းပြ/သရုပ်ပြနှင့် နေ့စား၊ ပုတ်ပြတ် ဝန်ထမ်း (၁၃) ဦး၊ နှင့် အမှုထမ်း ဆရာ/ဆရာမ (၈) ဦးတို့လည်း မေလ(၆)ရက်နေ့က တာဝန်မှယာယီ ရပ်ဆိုင်းခံထားရသည်။ 

ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ် နှင့် ကောလိပ်များ၊ အခြေခံပညာကျောင်းများမှ ပါမောက္ခများ၊ ရုံးဝန်ထမ်းများ၊ ဆရာ ဆရာမများသည် စစ်အာဏာသိမ်းစစ်တပ်၏ ယန္တရားလည်ပတ်မှုတွင် ပါဝင်လုပ်ဆောင်လိုစိတ် မရှိ၍ အာဏာဖီဆန်သည့်အနေဖြင့် CDM လုပ်ဆောင်လိုက်ကြရာ နိုင်ငံ့အာဏာသိမ်းမှုနှင့် အာဏာသိမ်းစစ်တပ်ကို ထောက်ခံသည့် အကြီးပိုင်းတာဝန်ယူထားကြသူများက ၎င်းတို့အား တာဝန်မှ ယာယီရပ်ဆိုင်းခြင်း၊ ရာထူးမှထုတ်ပယ်ခြင်းများဖြင့် ဖိအားပေးခြိမ်းခြောက်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။