တာချီလိတ်မြို့နယ်တွင်း ကျေးရွာ (၁၈) ရွာတွင် မြစိမ်းရောင်ကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေဖြင့် လမ်းတံတားလုပ်ငန်းများ အများဆုံးဆောင်ရွက်မည်

တာချီလိတ်မြို့နယ်တွင်း ကျေးရွာ (၁၈) ရွာတွင် မြစိမ်းရောင်ကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေဖြင့် လမ်းတံတားလုပ်ငန်းများ အများဆုံးဆောင်ရွက်မည်
ဇန်နဝါရီ 20, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်တွင်း ကျေးရွာ (၁၈) ရွာတွင် မြစိမ်းရောင်ကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေဖြင့် လမ်းတံတားလုပ်ငန်းများ အများဆုံးဆောင်ရွက်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာ (၁၈) ရွာတွင် ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများ အတွက် မြစိမ်းရောင်ကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက်က ကျေးရွာတာဝန်ခံများထံ ပေးအပ်သည်။

မြစိမ်းရောင်ကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရွေးချယ်ပေးအပ်ပွဲကို တာချီလိတ်ရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးရုံး ခန်းမတွင် ပြုလုပ်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရွေးချယ်ခံရသည့် ကျေးရွာ (၁၈) ရွာမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

"လုပ်ငန်းတွေ တင်ပြတဲ့နေရာမှာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းတာ အများဆုံးပဲ။ ကာနရွာကတော့ ချောင်းကူးတံတားလုပ်ငန်း ပါတယ်။ ရွာတွေက စီမံကိန်းရွေးချယ်တင်ပြပြီးရင် ကျွန်တော်တို့က တွက်ချက်မှုတွေ လုပ်တယ်။ အတည်ပြုချက်ယူပြီးရင် သူတို့အလုပ်လုပ်တဲ့ အချိန်မှာ အရည်အသွေး ပြည့်မီအောင် ကြီးကြပ်မှုတွေ လုပ်တာပေါ့"

ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ရန်ပုံငွေ ကျပ်သိန်း (၃၀၀)၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရန်ပုံငွေ ကျပ်သိန်း (၁၀၀) စီ ပေးအပ်ခြင်းဖြစ်သည်။

ကျေးရွာများ ရွေးချယ်ရာတွင် အနည်းဆုံးအိမ်ခြေ (၁၀၀)ရှိရမည်ဖြစ်ပြီး ကျေးရွာလူထုပူးပေါင်းပါဝင်မှု အားကောင်းသည့် ကျေးရွာများကို စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ဆောင်ရွက်မည့်လုပ်ငန်းများကို ကျေးရွာရှိ ရပ်မိရပ်ဖအဖွဲ့၊ အမျိုးသမီးအဖွဲ့၊ တောင်သူလယ်သမားအဖွဲ့၊ စိုက်ပျိုးရေးမလုပ်သည့်အဖွဲ့နှင့် လူငယ်အဖွဲ့များ ပူးပေါင်းရွေးချယ် အတည်ပြုသည့်လုပ်ငန်းများကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကို ပန်ဟတ်ကျေးရွာနှင့် မယ်ပိန်းကျေးရွာတို့ကို ပေးအပ်ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရန်ပုံငွေကို ယန်းခန်း(၂)ကျေးရွာ၊ ဝမ်မုံကျေးရွာ၊ လွန်းကျိုင်းကျေးရွာ၊ နမ်လွှဲရွာသစ်ကျေးရွာ၊ ပါကောင်ကျေးရွာ၊ ပါးတောင်းပလောင်ကျေးရွာ၊ ကြိုးတံတားကျေးရွာ၊ ကာနကျေးရွာ၊ တာကြန်ကျေးရွာ၊ ဝိန်းလိန်ကျေးရွာ၊ မအန်ခမ်းကျေးရွာ၊ ကျကကျေးရွာ၊ နမ်ငေါ့ကျေးရွာ၊ မိုင်းဝင်းကျေးရွာ၊ ကော်ကော့ကျေးရွာနှင့် ဝမ်လုံးကျေးရွာများကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ  - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~