ရှမ်း - ကယားနယ်စပ် ကန်းကျိုင်းရွာတွင် စစ်ဘေးရှောင်များရှိသည့် ဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျ၍ စစ်ဘေးရှောင်တစ်ဦး သေဆုံး

ရှမ်း - ကယားနယ်စပ် ကန်းကျိုင်းရွာတွင် စစ်ဘေးရှောင်များရှိသည့် ဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးကျ၍ စစ်ဘေးရှောင်တစ်ဦး သေဆုံး

ကယားပြည်နယ်နှင့်နယ်စပ် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု ကန်းကျိုင်းကျေးရွာတွင် ၂၀၂၁ ခုနှစ် မေလ (၂၃) ရက်နေ့၌ စစ်ဘေးရှောင်များရှိနေသည့် ဘုန်းကြီးကျောင်းကို လက်နက်ကြီးထိမှန်၍ စစ်ဘေးရှောင်များထဲက အမျိုးသားတစ်ဦး သေဆုံးသွားသည်။

ကုန်းသာမှာ တိုက်ပွဲဖြစ်နေတော့ အနီးနားက ရွာတွေရော ကျွန်တော်တို့ရွာတွေရောက ဒီကန်းကျိုင်းဘုန်းကြီးကျောင်းမှာ စုပြီး စစ်ရှောင်နေကြတာပေါ့။ သူက တစ်ခြားရွာ  ဆောင်ကန်းရွာကပေါ့။ သူပါကျွန်တော်တို့ရွာ ဘုန်ကြီးကျောင်းမှာ စစ်ဘေးလိုက်ရှောင်တာ။  ဘုန်းကြီးကျောင်းခြေရင်းမှာပဲ ထိုင်​နေတာ ။ အဲဒီမှာ လက်နက်ကြီးကျည်က လာကျပြီးတော့ သူ့ကို ထိသွားတာပေါ့ ။ ကျွန်တော့်ရှေ့မှာ ဖြစ်သွားတာ

ဟု  ကျေးရွာဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

လက်နက်ကြီးထိမှန်သဖြင့် စစ်ဘေးရှောင်နေသည့် ဆောင်ကန်းကျေးရွာမှ အမျိုးသားမှာ  ဗိုက်ပွင့် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် - PDF နှင့် အာဏာသိမ်း စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင့် အနီးဝန်းကျင်မှကျေးရွာသားများမှာ ကန်းကျိုင်းကျေးရွာ ဘုန်ကြီးကျောင်းသို့ လာရောက် ခိုလှုံနေကြရခြင်းဖြစ်သည်။

လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာအနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ မေလ (၂၃) ရက်နေ့ နေ့လယ်ပိုင်းမှစ၍  တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် အနီးနားကျေးရွာများမှ စစ်ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြရခြင်းဖြစ်သည်။