သီပေါမြို့တွင် စစ်ဘေးရှောင်များအတွက် ကူညီပေးနေသည့် လူငယ်(၆)ဦးကို အာဏာသိမ်းတပ်စစ်တပ်က ဖမ်းဆီးပြီး ၅၀၅-က ဖြင့် အမှုဖွင့်

သီပေါမြို့တွင် စစ်ဘေးရှောင်များအတွက် ကူညီပေးနေသည့် လူငယ်(၆)ဦးကို အာဏာသိမ်းတပ်စစ်တပ်က ဖမ်းဆီးပြီး ၅၀၅-က ဖြင့် အမှုဖွင့်

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့တွင် စစ်ဘေးရှောင်များထံ စားနပ်ရိက္ခာပေးပို့ရေးကူညီနေသည့် လူငယ် (၆) ဦးကို ၂၀၂၁ ခုနှစ်၊ မေလ (၁၉) ရက်နေ့က အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် မေလ (၂၂) ရက်နေ့၌ ပုဒ်မ ၅၀၅ - ကဖြင့် အမှုဖွင့်လိုက်သည်ဟု သိရသည်။

ဖမ်းသွားတဲ့ထဲက ကားသမား (၄) ယောက်နဲ့ လူငယ် (၃) ယောက်က ပြန်လွတ်လာတယ်။ ကျန်တဲ့ (၆) ဦးက အမှုဖွင့်ပြီး ဖမ်းထားတယ်။ ဖုန်းတွေထဲက အချက်အလက်တွေကြောင့် အမှုဖွင့်ခံရတာလို့ သိရတယ်

ဟု ၎င်းကိစ္စကို လိုက်လံကူညီပေးနေသူများထဲက တစ်ဦးက ပြောသည်။ 



သီပေါမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပစ္စည်းများအား ကားပေါ်တင်နေစဥ် ကားမောင်းသူ (၄) ဦးနှင့် လူငယ် (၉) ဦးတို့ကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကားနှင့်ပစ္စည်းများပါ သယ်သွားပြီးနောက် ဖမ်းဆီးသွားသူများမှ (၇) ဦးကို မေလ (၂၂) ရက်နေ့တွင် ပြန်လွှတ်ပေးကာ ကျန် (၆) ဦးကို ပုဒ်မ ၅၀၅ - ကဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အမှုဖွင့်ခံရသည့် လူငယ် (၆) ဦးကို ရုံးထုတ်စဉ် မိသားစုဝင်များ ခေတ္တတွေ့ဆုံခွင့်ရခဲ့ပြီး သိမ်းသွားသည့် စစ်ဘေးရှောင်ထောက်ပံ့ပစ္စည်းများကို ပြန်ပေးသည်ဟု သိရသည်။