ကျောက်မဲမြို့တွင် ရွေးကောက်ပွဲနေ့အထိ quarantine နေရမည့်သူများမှ ကြိုတင်ဆန္ဒ မဲပေး

ကျောက်မဲမြို့တွင် ရွေးကောက်ပွဲနေ့အထိ quarantine နေရမည့်သူများမှ ကြိုတင်ဆန္ဒ မဲပေး
နိုဝင်ဘာ 6, 2020
By Tachileik News Agency

ကျောက်မဲမြို့တွင် ရွေးကောက်ပွဲနေ့အထိ quarantine နေရမည့်သူများမှ ကြိုတင်ဆန္ဒ မဲပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ Facility Quarantine Center နှစ်ခုတွင် ရွေးကောက်ပွဲ မဲဆန္ဒပေးမည့်နေ့ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့အထိ အသွားအလာကန့်သတ် နေထိုင်ရမည့်သူများက နိုဝင်ဘာလ (၆) ရက်နေ့၌ ကြိုတင်ဆန္ဒမဲပေးထားသည်။
“Quarantine ဝင်နေရသူတွေကို ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေနဲ့အတူ ကြိုတင်မဲကောက်ခံတဲ့ ကိစ္စကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့အတူ ကျွန်မတို့ ပြည်သူ့ကျန်းမာရေးနဲ့ကုသရေး ဌာနကလည်း ပါဝင်လုပ်ဆောင်ပေး နေတာဖြစ်ပါတယ်။ အဓိကအနေနဲ့ကတော့ ကြိုတင်မဲကောက်ခံတဲ့အခါ မဲထည့်ရမယ့်သူက ရွေးချယ်မယ့်အကွက်ကို သူတို့လက်နဲ့မထိစေဘဲ သေသေချာချာမြင်ရပြီး ရွေးချယ်နိုင်စေဖို့ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်နဲ့ အညီ ဝန်ထမ်းတွေက တစ်တပ်တစ်အားအနေနဲ့ ပါဝင်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ် ” ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးဌာနမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပြည်ပမှ ပြန်လာသူများ၊ ရောဂါကူးစက်ပျံ့ပွားမှုများပြားသော ဒေသများမှ ပြန်လာသူများကို ကျောက်မဲရှိ အထက(ခွဲ) အလက (၃) Quarantine Center တွင် (၆၄) ဦးနှင့် ရက်ကန်းကျောင်းစင်တာတွင် (၂၁) ဦး ထားရှိထားခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ကျင်းပမည့် နိုဝင်ဘာလ (၈)ရက်နေ့အထိ quarantine ဆက်လက်နေထိုင်ရမည့်သူများကို ကြိုတင်မဲကောက်ခံခဲ့ခြင်းဖြစ်သည်။
“ကျွန်မအတွက် ပထမဆုံးအကြိမ်အဖြစ် မဲပေးရတာဖြစ်ပါတယ်။ quarantine ဝင်နေရင်းနဲ့ ကြိုတင်မဲပေးရတာ ဆိုပေမဲ့ အဆင်ပြေပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း အကူအညီပေးကြပါတယ်” ဟု ပထမဆုံးအကြိမ် ဆန္ဒမဲပေးရသည့် အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အသွားအလာကန့်သတ်ခံထားရသူများထံမှ ကြိုတင်ဆန္ဒမဲကောက်ယူရာတွင် မဲစာရွက်အား ၎င်းတို့နှင့် မထိတွေ့စေဘဲ ပလပ်စတစ်အကြည်ဖြင့် အကာအရံပြုလုပ်ထားသော နေရာတွင် အကာအကွယ် ဝတ်ဆင်ထားသော ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရပ်/ ကျေး အဖွဲ့ဝင်များက မဲစာရင်းစာရွက်များ ထုတ်ပေးခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ကြခြင်း ဖြစ်သည်။
“ကျွန်တော်က ၁၉၉၀ ခုနှစ်ကလည်း ဆန္ဒမဲ ပေးခဲ့ဖူးပါတယ်။ ပြီးတော့ ၂၀၁၀၊ ၂၀၁၅ နဲ့ အခု ၂၀၂၀ မှာလည်း ဆန္ဒမဲပေးရပါတယ်။ အခု ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးရတဲ့အခါ အသွားအလာ ကန့်သတ်ခံထားရတဲ့အချိန် ကြိုတင်မဲအနေနဲ့ ပေးရတာဖြစ်ပေမဲ့ လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ရှိသလို အဆင်ပြေပြေနဲ့ ကိုယ်ပေးချင်တဲ့ ပါတီကိုလည်း ရွေးချယ်ပြီး ပေးခွင့်ရပါတယ်။ အခုလို အသွားအလာကန့်သတ်ထားတုန်းမှာ ကြိုတင်မဲ ပေးခွင့်ရအောင်လုပ်ပေးတဲ့အတွက် အများကြီး ကျေးဇူး တင်ပါတယ်” ဟု အမှတ် ( ၈ ) ရပ်ကွက် ရက်ကန်းကျောင်း Quarantine Center ၌ အသွားအလာ ကန့်သတ်နေထိုင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။
ရက်ကန်းကျောင်းတွင် အသွားအလာကန့်သတ်ထားသူ (၂၁) ဦး အနက် ( ၃ ) ဦး  ကြိုတင်မဲ ပေးခွင့်ရပြီး အလက (၃) ၌အသွားအလာကန့်သတ်ထားသူ (၆၄) ဦး အနက် (၂၈) ဦးက ကြိုတင်မဲပေးခွင့်ရခဲ့ခြင်းဖြစ်သည်။
ကျောက်မဲခရိုင်တစ်ခုလုံးတွင် နိုဝင်ဘာလ (၅) ရက်နေ့အထိ ကြိုတင်မဲပေးထားသူ (၆၀၀၀) ကျော်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~