ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌဟောင်း အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်ကို  အမေရိကန်က ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွင်  ထည့်သွင်းထား

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌဟောင်း အာဏာသိမ်းစစ်ကောင်စီ အဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်ကို  အမေရိကန်က ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွင်  ထည့်သွင်းထား
မေ 19, 2021 | ရှမ်းရှေ့

လွှတ်တော်သက်တမ်းနှစ်ရပ်တွင် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်  အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်ကို ယခင်ဒဏ်ခတ်ပိတ်ဆို့မှုအပြင် ၂၀၂၁ ခုနှစ် မေလ (၁၈) ရက်နေ့က ထပ်တိုးအရေးယူလိုက်သည့် အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်တို့၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းလိုက်သည်။

အရပ်သားအစိုးရသက်တမ်းနှစ်ဆက်တွင် ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် လွှတ်တော်သက်တမ်းနှစ်ဆက် တာဝန်ယူခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ  ဦးစိုင်းလုံးဆိုင်သည် စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးဖွဲ့စည်းလိုက်သည့် အာဏာသိမ်းစစ်ကောင်စီတွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်  ဦးစိုင်းလုံးဆိုင် အပြင် ကော်စီဝင်များထဲက  မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်ထောင်၊ ဦးမောင်းဟာ၊ ဦးစောဒန်နီယယ်၊ ဗညားအောင်မိုးနှင့် ချစ်နိုင် (စိတ်ပညာ) တို့အပါအဝင် စစ်အာဏာသိမ်းမှုနှင့် ဆက်နွှယ်သူ စုစုပေါင်း (၃၅) ဦးကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့အနေဖြင့် မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုနှင့် နှိပ်ကွပ်မှုများဆက်လက်ကျူးလွန်နေပြီး နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေး ဆောင်ရွက်ခြင်းမရှိသည့်အတွက် အာဏာသိမ်းစစ်ကောင်စီအပြင် ကောင်စီဝင် (၄)ဦး၊  အာဏာသိမ်းစစ်တပ်ကခန့်ထားသော အစိုးရအဖွဲ့ဝင် (၉) ဦးနှင့် ယခင်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားသော စစ်အရာရှိများ၏ အရွယ်ရောက်ပြီး သား၊ သမီး (၃) ဦးတို့ကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ထပ်တိုးသတ်မှတ်လိုက်ခြင်းဖြစ်ပြီး  ဗြိတိန်နှင့် ကနေဒါတို့ကပါ အလားတူ အရေးယူလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုအပြင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးနှင့် နောက်ထပ်အကြမ်းဖက်မှုများကို ဟန့်တားနိုင်ရေးအတွက် လက်နက်တင်ပို့မှု ပိတ်ပင်တားဆီးရေး၊ စစ်အသုံးအဆောင်ပစ္စည်းများရောင်းချမှု ဆိုင်းငံ့ရေးနှင့် စစ်တပ်ပိုင်လုပ်ငန်းအဖွဲ့အစည်းများနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ရေးအပါအဝင် စစ်အာဏာရှင်အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ရန် အမေရိကန် ပြည်ထောင်စုက နိုင်ငံအားလုံးကိုလည်း တိုက်တွန်းထားခြင်းဖြစ်သည်။

ဦးစိုင်းလုံးဆိုင်အပါအဝင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို   ဥရောပသမဂ္ဂအဖွဲ့ကလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌဟောင်းဖြစ်သူ  ဦးစိုင်းလုံးဆိုင်သည် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရ၍ လွှတ်တော် ဥက္ကဌ ဖြစ်လာသူ ဖြစ်သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ပြန်လည်ဝင်ရောက် ယှဉ်မပြိုင်တော့ကြောင်း သိရသည်။

ဦးစိုင်းလုံးဆိုင်သည် ပြည်သူ့ကောင်စီခေတ်ကာလက ကျိုင်းတုံမြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သလို ၂၀၁၀ ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော်တွင်လည်း ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။