ကယားပြည်နယ် ဖရူဆိုမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က လူငယ်နှစ်ဦးအထက်ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွား 

ကယားပြည်နယ် ဖရူဆိုမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က လူငယ်နှစ်ဦးအထက်ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွား 
မေ 18, 2021 | ကယား

ကယားပြည်နယ်၊ ဖရူဆိုမြို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၁၈) ရက်နေ့ ည (၉)နာရီကျော်ဝန်းကျင်က အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့မှ မြို့တွင်းလှည့်လည်ကာ ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး လူငယ် (၂) ဦးထက်မနည်း ဖမ်းဆီးခံထားရပြီဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

" ဘာလို့ ဖမ်းတာလဲ အတိအကျမသိဘူး ။ အင်အားတော့များတယ်။ အသားကုန်ရိုက်ပြီး ခေါ်သွားကြတယ်။ ကျွန်တော်တို့ ဘာမှမလုပ်ဘူး ပြောလည်းမရဘူး ။ ချောင်းတွေပါဆိုးတယ်။ ခြေထောက်တွေနဲ့လည်း ကန်တယ်။ ဘယ်နှစ်ယောက်ပါသွားလဲ အတိအကျမသေးဘူး။ ကျွန်တော်မြင်တာတော့ ကျွန်တော့် အသိနှစ်ယောက် ပါသွားတာမြင်တယ်။ သေနတ်လည်း လေးချက်လောက် ဖောက်တယ်။" ဟု ဖရူဆိုမြို့မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့အတည်ပြုပြောကြားသည်။ 

ယခုချိန်ထိ ဖရူဆိုမြို့အတွင်း စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များလှည့်လှည်နေဆဲဖြစ်ကာ ဖမ်းဆီးခံရသူ အရေအတွက် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ 

ဖရူဆိုမြို့နယ်အတွင်း မေလ အစောပိုင်းမှစ၍  အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်များက မြို့တွင်း လမ်းဆုံများ ၊ မြို့အဝင်အထွက်များတွင် လိုက်လံစစ်ဆေးမှုများ ဆက်တိုက် လုပ်​ဆောင်နေပြီး လူငယ်များကို မကြာခဏ ဖမ်းဆီးလျှက်ရှိ​ကြောင်းသိရသည်။