ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် တာချီလိတ်တွင် KTV နှင့် Club များ ည(၈)နာရီထက် ကျော်လွန်ပြီး မဖွင့်ရန် ခံဝန်လက်မှတ် ခေါ်ထိုးခိုင်း

ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် တာချီလိတ်တွင် KTV နှင့် Club များ ည(၈)နာရီထက် ကျော်လွန်ပြီး မဖွင့်ရန် ခံဝန်လက်မှတ် ခေါ်ထိုးခိုင်း
မေ 12, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အတွက် KTV နှင့် Club များ ည(၈)နာရီထက် ကျော်လွန်ပြီး ဖွင့်လှစ်ခြင်း မပြုလုပ်ရန် ယနေ့ ၂၀၂၁ခုနှစ် မေလ(၁၂)ရက်နေ့ ည(၆)နာရီအချိန်က တာချီလိတ်မြို့မရဲစခန်းသို့ တာဝန်ရှိသူများကို ခေါ်ယူပြီး ခံဝန်ကတိလက်မှတ် ထိုးခိုင်းကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့က ည (၈)နာရီအချိန်မှ နံနက်(၄)နာရီအတွင်း 'ညမထွက်ရအမိန့်'ကို ထုတ်ပြန်ထားသည့်အတွက် သတ်မှတ်ချိန်များထက် ကျော်လွန်ပြီး ဖွင့်လှစ်ခြင်းမျိုး ပြုလုပ်မိပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းကို သိရှိကြောင်း ခံဝန်ကတိလက်မှတ် ခေါ်ထိုးခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

ညမထွက်ရအမိန့်ထုတ်ထားတဲ့အတွက် KTV တွေကို ည(၈)နာရီနောက်ပိုင်း မဖွင့်ရဘူးဆိုတာကို သူတို့က အသိပေးပြီးသားဆိုတဲ့အကြောင်းပေါ့၊ အဲ့ဒါကို သိရှိထားကြောင်းဆိုတာမျိုး လက်မှတ်လာထိုးခိုင်းတာ

ဟု သွားရောက်ခဲ့သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားပြီးနောက် KTV နှင့် Club ဖွင့်လှစ်ထားရာသို့ သွားရောက်လည်ပတ်သူများ၏ အပြန်တွင် ရဲတပ်ဖွဲ့၏ လှည့်ကင်းအဖွဲ့က စောင့်ဖမ်းမှုများ ပြုလုပ်သည်များရှိနေရာ ပြီးခဲ့သည့်ရက်က ညမထွက်ရအမိန့်ကို ချိုးဖောက်မှုဖြင့် ထောင်ဒဏ်(၁)လစီချမှတ်ခံရသည့် (၁၅)ဦးတွင် KTV နှင့် Club သို့ သွားရောက်လည်ပတ်ခဲ့သူများ ပါဝင်နေသည်။

တာချီလိတ်မြို့၏ KTV နှင့် Club လုပ်ငန်းများမှာ ညမထွက်ရအမိန့် ရှိနေ၍ အချို့ဌာနများအပေါ် အမည်မဲ့ပေးရသည့် ငွေကြေးများနှင့် ဝန်ထမ်းလစာများအတွက်ပါ အခက်အခဲများစွာဖြစ်ပေါ်နေကြောင်း  သိရသည်။

တာချီလိတ်မြို့တွင် ယခင်က ညမထွက်ရအမိန့်ကို Covid-19 ကာကွယ်ရေးအတွက်သာ ထုတ်ခဲ့သော်လည်း ယခုအခါမှာ Covid-19 ကာကွယ်ရေးအတွက် မဟုတ်ဘဲ စစ်တပ်မှ အာဏာသိမ်းထားသည့်ကာလအတွင်း အများပြည်သူ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက်ဟုဆိုကာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။