တာချီလိတ် - ကျိုင်းတုံသွားလမ်း မိုင်းဖြတ်မြို့တွင် IM-Net ကုမ္ပဏီ၏ ဖိုင်ဘာကေဘယ်လ်ကြိုး မီးရှို့ခံရ၍ အမှုဖွင့်

တာချီလိတ် - ကျိုင်းတုံသွားလမ်း မိုင်းဖြတ်မြို့တွင် IM-Net ကုမ္ပဏီ၏ ဖိုင်ဘာကေဘယ်လ်ကြိုး မီးရှို့ခံရ၍ အမှုဖွင့်

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း အင်တာနက်ပေးနေသည့် IM-Net ( Internet Maekhong Network )ကုမ္ပဏီ၏ ဖိုင်ဘာကြိုးလုံး (၁)လုံးမှာ တာချီလိတ် - ကျိုင်းတုံသွားလမ်းတွင် မီးရှို့ဖျက်ဆီးခြင်းခံရ၍ဟုဆိုကာ မိုင်းဖြတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

IM-Net ( Internet Maekhong Network )ကုမ္ပဏီက တာလေ နှင့် မိုင်းဖြတ်အကြား ဖိုင်ဘာကေဘယ်လ်ကြိုးသွယ်တန်းခြင်း၊ တိုင်ထောင်ခြင်းများ ပြုလုပ်နေရာတွင် ဖိုက်ဘာကေဘယ်လ် (၄)ကီလိုမီတာ (၉)လုံးအား ၂၀၂၁ခုနှစ် မေလ(၅)ရက်နေ့က လုပ်ငန်းလွယ်ကူချောမွေ့စေရေးအတွက် သတ်မှတ်နေရာများအလိုက်  လိုက်လံချထားခဲ့ကြောင်း သိရသည်။

လိုက်လံချထားသည်အနက်  ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းမဘေး မိုင်တိုင် အမှတ် 716KM နှင့် 717KM အကြား နမ်းခမ်းတောင်ကျေးရွာတွင် ချထားသည့် ဖိုင်ဘာကေဘယ်လ်ကြိုး (၁)လုံးမှာ မေလ(၈)ရက်နေ့ ည(၁၀)နာရီဝန်းကျင်အချိန်က မီးရှို့ဖျက်ဆီးခြင်း ခံရသည့်အတွက် မိုင်းဖြတ်မြို့မရဲစခန်းသို့ တိုင်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် ဖိုင်ဘာကေဘယ်လ်ကြိုး တစ်လုံး၏ တန်ဖိုးမှာ ကျပ်သိန်း(၈၀)ရှိပြီး မီးရှို့သွားသူအား စုံစမ်းပြီး အရေးယူပေးနိုင်ရန်အတွက် မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၂၉/၂၀၂၁၊ ရာဇသတ်ကြီး ပုဒ်မ - ၄၃၆/၄၂၇ ဖြင့် ၂၀၂၁ခုနှစ် မေလ(၁၁)ရက်နေ့က အမှုဖွင့်ထားရှိကြောင်း သိရသည်။