ကျိုင်းတုံမြို့ရှိ ပြန်လည်ထူထောင်ရေးစခန်းတွင် မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးသင်တန်းများ ဆက်တိုက် ဖွင့်လှစ်ပေးမည်

ကျိုင်းတုံမြို့ရှိ ပြန်လည်ထူထောင်ရေးစခန်းတွင် မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးသင်တန်းများ ဆက်တိုက် ဖွင့်လှစ်ပေးမည်
ဇန်နဝါရီ 12, 2020
By Tachileik News Agency

ကျိုင်းတုံမြို့ရှိ ပြန်လည်ထူထောင်ရေးစခန်းတွင် မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးသင်တန်းများ ဆက်တိုက် ဖွင့်လှစ်ပေးမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြန်လည်ထူထောင်ရေးစခန်းတွင် ၂၀၂၀ ခုနှစ်အတွက် ပထမဆုံး စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို စတင်ဖွင့်လှစ်ထားပြီဖြစ်၍ မူးယစ်ဆေးဖြတ်ကုသမှုခံယူလိုသူများ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 “ဒီသင်တန်းမှာက ဆေးဖြတ်ကုသပေးမယ်။ ပြီးရင် ပြန်လည်ထူထောင်ရေးလုပ်ပေးမှာပါ။ ဒီသင်တန်းမှာ သင်တန်းကာလတစ်လျှောက်လုံး နေထိုင်စားသောက်စရိတ်၊ ကုသစရိတ်တွေကတော့ နိုင်ငံတော်က ကျခံတယ်။ ဝတ်စုံတွေ ထုတ်ပေးမယ်။ သူတို့ဆေးဖြတ်ကုသဖို့ Camp သွင်းလိုက်တာပေါ့။ ဆေးဖြတ်ပြီးရင် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးတယ်။ ဒီမှာ နေထိုင်စားသောက်စရိတ်၊ ဝတ်စုံအားလုံးကို နိုင်ငံတော်အစိုးရဘတ်ဂျက်ကနေ ကျခံပေးတာ ဖြစ်ပါတယ်။ သင်တန်းတက်ချင်တယ်ဆိုရင် အိမ်ထောင်စုဇယားမိတ္တူ၊ ဒါမှမဟုတ် မှတ်ပုံတင်မိတ္တူပါလာရင် ရပါပြီ”

ဟု ကျိုင်းတုံပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဦးမျိုးသက်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ ကျိုင်းတုံပြန်လည်ထူထောင်ရေးစခန်းတွင် စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းကို ဖွင့်လှစ်ထားပြီဖြစ်ပြီး  ဖွင့်ပွဲအခမ်းအနားကိုလည်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့ နံနက်(၁ဝ) အချိန်တွင် ကျင်းပခဲ့သည်။

“ မူးယစ်ဆေးပြဿနာဟာ နိုင်ငံတော်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ လူသားအရင်းအမြစ်ကိုလည်း ပျက်စီးစေတာဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ လူငယ်၊ လူလတ်ပိုင်း အတော်များများဟာလည်း မူးယစ်ဆေးရဲ့သားကောင် ဖြစ်နေရတာကိုလည်း ရင်နင့်ဖွယ် တွေ့နေရပါတယ်။ အင်မတန်ဆိုးရွားလှတဲ့အခြေအနေကို ကုစားနိုင်ဖို့ အသစ်ရေးဆွဲပြဌာန်းလိုက်တဲ့ မူးယစ်ဆေးဥပဒေအရ မူးယစ်ဆေးစွဲနေတဲ့သူတွေကို လူမှုရေးပြစ်ဒဏ် ပြောင်းလဲပြဌာန်းပြီး နားလည်တတ်ကျွမ်းသူတွေနဲ့ မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်ပေးလာတာ ဖြစ်ပါတယ်”

ဟု သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာဗေလှက အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားသည်။

သင်တန်းနှင့်ပတ်သက်၍ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က သင်တန်းတက်ရောက်နေသူများနှင့် ဖွင့်ပွဲတက်ရောက်လာသူများအား ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)မှ လှူဒါန်းသည့် အလှူငွေ ကျပ်(၁)သိန်းကို ကျိုင်းတုံ MANA မှ ဦးရန်နိုင်ထွန်းထံမှ လက်ခံရယူသည်။

သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားရေးရာ ဝန်ကြီး၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊  ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျိုင်းတုံနှင့် တာချီလိတ်မှ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံများ၊ သင်တန်းသားများနှင့် သင်တန်းသား မိသားစုဝင်များ တက်ရောက်ကြသည်ကို တွေ့ရသည်။

သင်တန်းတက်ရောက် မူးယစ်ဆေးဖြတ်သူများကို စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နိုင်ရေး ကုသပေးမှုအပြင် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်းနှင့် နောက်ဆက်တွဲစောင့်ရှောက်ခြင်း လုပ်ငန်းတို့ကို (၁)နှစ်တိတိဆောင်ရွက် ပေးသွားမည်ဖြစ်၍ ဒေသတွင်းမှ မူးယစ်ဆေးဖြတ်လိုသူများရှိပါက ကျိုင်းတုံပြန်လည်ထူထောင်ရေးစခန်း မန်နေဂျာ ဖုန်း ၀၉ ၄၂၈၂၂၄၄၆၆  သို့ ဆက်သွယ်နိုင်ကြမည်ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -  ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~