ရှမ်း - ကယားနယ်စပ်  ဖယ်ခုံမြို့နယ် ခေါင်းအိရွာအနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အာဏာသိမ်းတပ်ထိုးစစ်ကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ဖွယ် ရှိနေ

ရှမ်း - ကယားနယ်စပ်  ဖယ်ခုံမြို့နယ် ခေါင်းအိရွာအနီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အာဏာသိမ်းတပ်ထိုးစစ်ကြောင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်ဖွယ် ရှိနေ
နိုဝင်ဘာ 7, 2021 | ကယား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း - ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ ထိုးစစ်ကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းခုခံနေကြရာ တိုက်ပွဲများဆက်လက်ပြင်းထန်ဖွယ်ရှိနေပြီး ဖယ်ခုံမြို့နယ်အတွင်း ခေါင်အိကျေးရွာ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာ တောင်ကြောပေါ်တွင် ယနေ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ယနေ့တိုက်ပွဲအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်မှ (၁) ဦး ဒဏ်ရာရသွားပြီး ယမန်နေ့ နိုဝင်ဘာလ (၆) ရက်နေ့က ဖယ်ခုံ PDF နှင့် KNDF တို့ပူးပေါင်းကာ ခမရ-၄၂၁ တပ်ကို ဝင်ပစ်စဉ်က အာဏာသိမ်းတပ်ဖွဲ့ဝင် (၃) ဦးသေသည်ဟု သိရသည်။

ဒေသတွင်း အာဏာသိမ်းတပ်၏ ထိုးစစ်ဆင်မှုကို ဖယ်ခုံ၊ မိုးဗြဲ၊ ဒီမောဆို၊ လွိုင်ကော် PDF များ၊ KA၊ KNDF၊ KGz၊ အလယ်ပိုင်းတိုင်းတိုက်ခိုက်ရေးအဖွဲ့တို့ပူးပေါင်း၍ ခုခံတွန်းလှန်နေကြပြီး အာဏာသိမ်းတပ်က မြို့တွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ နေအိမ်အချို့လည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း အာဏာသိမ်းတပ်၏ ထိုးစစ်ကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်နေကြကြောင်း သိရသည်။

 

Photo: PDF Loikaw