လွိုင်ကော်မြို့ နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများကို စစ်ကောင်စီအဖွဲ့ လိုက်လံရှာဖွေဖမ်းဆီးနေ 

လွိုင်ကော်မြို့ နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများကို စစ်ကောင်စီအဖွဲ့ လိုက်လံရှာဖွေဖမ်းဆီးနေ 
ဧပြီ 30, 2021 | ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများ၏ နေအိမ်များအား ၂၀၂၁ခုနှစ် ဧပြီလ (၃၀)ရက်နေ့ နံနက်အစောပိုင်းတွင် ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

ဧပြီလ (၃၀)ရက်နေ့ နံနက် (၃)နာရီခွဲကျော်အချိန်က လွိုင်ကော်မြို့ ၊ နောင်ယား(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ခူးလောရင်းရှို့ နေအိမ်သို့ အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လက်နက် ကိုင်များမှ အိမ်ခြံတံခါးများအား ရိုက်ဖျက်၍ ဝင်ရောက်ရှာဖွေခဲ့ပြီး အုပ်ချုပ်ရေးမှူးဟောင်းမှာ နေအိမ်တွင် ရှိမနေသောကြောင့် ဖမ်းဆီးခံရခြင်း မရှိခဲ့ဘဲ  ရှမ်းပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းကိုလည်း နံနက် (၃)နာရီကျော်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒေါဥခူ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းကိုလည်း ညပိုင်းက လာရောက်ခေါ်ဆောင်သွားကြောင်းသိရသည်။ 

လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟောင်း ဦးစောဖိုးလှမင်းကိုလည်း ဧပြီလ (၃၀)ရက်နေ့  မနက် (၃) နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ  လာရောက် ရှာဖွေ ဖမ်းဆီးသွားပြီဖြစ်ကြောင်း ကျေးရွာဒေသခံတစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောဆိုသည်။ 

"ခုလက်ရှိအချိန်အထိတော့ နောင်ယား အုပ်ချုပ်ရေးမှူး အဟောင်းအိမ်ကို ဝင်ရှာတယ် ။ သူရှိမနေတော့ အဖမ်းတော့ မခံရလိုက်ဘူး။ နွားလဝိုးကျေးရွာ အုပ်ချုပ်ရေးမှူး ကတော့ ဖမ်းခံလိုက်ရတယ်။ ဘာကြောင့် ဖမ်းဆီးလဲဆိုတာ မသိရဘူး။ စစ်ကောင်စီ လက်ထက်မှာ နှုတ်ထွက်ကြတဲ့ အုပ်ချုပ်ရေးမှူး ဟောင်းတွေကို ဒီနေ့ ကစပြီး ပစ်မှတ်ထား လိုက်လံဖမ်းဆီးမယ့် အနေထားရှိတယ်။ အခုချိန်ထိတော့ စစ်ကားတွေက ရပ်ကွက်တွေပတ်ပြီး လမ်းလိုက်ရှင်းနေတယ်။ တစ်ခြားရပ်ကွက် အုပ်ချုပ်ရေးမှူး တွေရဲ့ အခြေနေကိုတော့ ကျွန်တော်တို့မသိရသေးဘူး ။" ဟု လွိုင်ကော်မြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ အတည်ပြုပြောသည်။ 

လွိုင်ကော်မြို့နယ်အတွင်း ရပ်ကွက် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်းများ၏ နေအိမ်များအား ရှာဖွေဖမ်းဆီးမှုများ ဆက်၍ လုပ်ဆောင်လာ နိုင်ကြောင်း မြို့ခံများမှ ပြောဆိုလျှက်ရှိပြီး ဧပြီလ (၃၀)ရက်နေ့ နံနက်ပိုင်းမှစ၍ အာဏာသိမ်းအဖွဲ့၏ စစ်ကားနှင့် ရဲကားများမှ ပြည်သူ့လုံခြုံရေး အတားအဆီးများကို လိုက်လံဖယ်ရှားဖျက်ဆီးနေကြောင်းသိရသည်။