မိုင်းဖြတ်မြို့တွင် ဆရာ၊ ဆရာမများ လူကိုယ်တိုင် လစာ လာမထုတ်ပါက ပျက်ကွက်စာရင်းသွင်းပြီး ယခင်လစာများ ပြန်ပေးရမည်ဟု ပညာရေးမှုးရုံးက ဖိအား ခြိမ်းခြောက်

မိုင်းဖြတ်မြို့တွင် ဆရာ၊ ဆရာမများ လူကိုယ်တိုင် လစာ လာမထုတ်ပါက ပျက်ကွက်စာရင်းသွင်းပြီး ယခင်လစာများ ပြန်ပေးရမည်ဟု ပညာရေးမှုးရုံးက ဖိအား ခြိမ်းခြောက်
ဧပြီ 28, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း၊ မိုင်းဖြတ်မြို့တွင် CDM လုပ်ဆောင်ထားသည့်  ဆရာ၊ ဆရာမများကို မိုင်းဖြတ် ပညာရေးမှူးရုံးက လူကိုယ်တိုင် လစာလာမထုတ်ပါက လစာငွေများ ပြန်ပေးရမည်ဟု ဖိအားပေးခြိမ်းခြောက်နေကြောင်း သိရသည်။

CDM လုပ်တယ်ဆိုရင် အရင် (၂)လပိုင်း၊ (၃)လပိုင်းက ထုတ်ထားတဲ့ လစာတွေ ပြန်သွင်းရမယ်လို့ မိုင်းဖြတ် ပညာရေးမှူးရုံးက ပြောလာတယ်။ အခုလာမဲ့ (၅)လပိုင်း (၃)ရက်နေ့ နောက်ဆုံးထားပြီး လူကိုယ်တိုင် လစာလာထုတ် မထုတ်ရင် ပျက်ကွက်စာရင်းလည်း သွင်းမယ်။ အရင် လစာလည်း ပြန်ပေးရမယ်လို့ ဖုန်းဆက်ပြောလာတယ်

ဟု မိုင်းဖြတ်မြို့တွင် CDM လုပ်ဆောင်ထားသည့် ကျောင်းဆရာမတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆရာ၊ ဆရာမများအနေဖြင့် ပုံမှန်အားဖြင့် လစာထုတ်ရာတွင် လူကိုယ်တိုင်မလာရောက်နိုင်ပါက ကိုယ်စားထုတ်ခွင့်များရှိသည်ဖြစ်သော်လည်း ယခုအခါမှာ ကျောင်းများပြန်ဖွင့်တော့မည့် ကာလဖြစ်၍ မေလ(၃)ရက်နေ့ နောက်ဆုံးထားကာ လူကိုယ်တိုင်လာရောက်၍ လစာထုတ်ရန်၊ လစာ လာထုတ်သည့် အခါမှာလည်း ခံဝန်ကတိများထိုးခိုင်းမည်ဟု သတင်းများထွက်ပေါ်နေ၍ လစာထုတ်မည့် ဆရာ၊ ဆရာမများမှာ အခက်တွေ့နေကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းမှ ဆရာ၊ ဆရာမများအားလုံးကိုလည်း ကျောင်းများပြန်ဖွင့်သည့်အခါ လုပ်ငန်းဝင်ရန်အတွက် ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့ နောက်ဆုံးထားပြီး ပညာရေးမှူးရုံးများသို့ လာရောက်အသိပေးရန် ခရိုင်ပညာရေးမှူး ဒေါ်အေးအေးခိုင်က စာထုတ်၍ အသိပေးထားကြောင်းလည်း သိရသည်။