ကျိုင်းတုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ နှင့် ဈေးများအားလုံး COVID 19 ကာကွယ်ရေး ညွှန်ကြားချက်များကို အတိအကျ လိုက်နာရန် ကြပ်မတ်နေ

ကျိုင်းတုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ နှင့် ဈေးများအားလုံး COVID 19 ကာကွယ်ရေး ညွှန်ကြားချက်များကို အတိအကျ လိုက်နာရန် ကြပ်မတ်နေ
စက်တင်ဘာ 26, 2020
By Tachileik News Agency
ကျိုင်းတုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ နှင့် ဈေးများအားလုံး COVID 19 ကာကွယ်ရေး ညွှန်ကြားချက်များကို အတိအကျ လိုက်နာရန် ကြပ်မတ်နေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အစားအသောက်ရောင်းချသည့် ဆိုင်အားလုံး ပါဆယ်စနစ် (take away) ဖြင့်သာ ရောင်းချရန်အပြင် ဈေးများတွင်လည်း COVID 19 ကာကွယ်ရေး ညွှန်ကြားချက်များကို အတိအကျလိုက်နာရေးအတွက် စည်ပင်သာယာရေးဌာနက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ကစ၍ ကြပ်မတ်နေကြောင်း သိရသည်။
“ညွှန်ကြားထားတာရှိတယ်။ ဆိုင်တွေကို take away ရောင်းချရမယ်။ take away ရောင်းရာမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာရမယ်လို့ ညွှန်ကြားထားပါတယ်။ မနေ့ကပဲ မြို့နယ်ကိုဗစ်ကော်မတီ၊ ရပ်ကျေးအဖွဲ့တွေပါတဲ့အဖွဲ့နဲ့ အစည်းအဝေးလုပ်တယ်။ ရပ်ကွက်အလိုက် စပီကာတွေနဲ့ လိုက်လံအသိပေးပြီး ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့ကလည်း လိုက်လံကြီးကြပ်တာတွေ ဆောင်ရွက်နေပါပြီ။ ဆိုင်တွေကလည်း အတိုင်းအတာတစ်ခုထိ လိုက်နာကြတယ်။ ဒါတွေကိုလည်း ဆိုင်တွေအနေနဲ့ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လိုက်နာနိုင်အောင် ဆောင်ရွက်သွားပါမယ်"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့က ပြောသည်။
အစားအသောက် ရောင်းချသည့်ဆိုင်များအပြင် ဈေးများတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း အတိအကျလိုက်နာရေး ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။
“ဈေးတွေမှာလည်း ဈေးဝယ်၊ ဈေးရောင်းသူတွေအားလုံး Mask တပ်ရမယ်။ ဈေးရောင်းသူတွေကတော့ Mask တင်မကဘူး face shield ပါတပ်ရမယ်။ ဒါ့အပြင် လက်ဆေးကန်တွေကိုလည်း လူဦးရေနဲ့ကိုက်ညီအောင် ထပ်လုပ်ပေးဖို့ရှိပါတယ်။ social distancing (တစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခုမှ သွားလာနေထိုင်ခြင်း) ကိုလည်း အရင်ကထက်ပိုပြီး စိစစ်ကြပ်မတ်ဖို့ရှိမယ်။ နောက်ဈေးထဲမှာ နှာချေ၊ချောင်းဆိုး၊ဖျားနာ၊ အနံ့မရသူတွေ ဈေးရောင်းချခြင်းမလုပ်ဖို့ အရင်ကထက်ပိုပြီး ကြပ်မတ်ဖို့ရှိပါတယ်။ ဒါ့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၁.၉.၂၀၂၀ မှာ ဈေးရောင်း၊ ဈေးဝယ်တွေ လိုက်နာရမယ့် အချက်တွေကို ထုတ်ပြန်ထားတယ်။ အဲဒီအတိုင်းပဲ လိုက်နာဖို့ ဈေးသူဈေးသားတွေ လိုက်နာဖို့ ဆော်သြဆောင်ရွက်နေပါတယ်”ဟု ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းထိုက်က ပြောသည်။
လက်ရှိတွင် ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ် အရေအတွက်နှင့် ကိုက်ညီမှုရှိစေရန် စည်ပင်သာယာရေးဌာနက လက်ဆေးကန်များ ထပ်တိုးတပ်ဆင်ရန် အလှူရှင်များက ပါဝင်လှူဒါန်းမှုများလည်းရှိနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~