အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များက လွိုင်ကော် နှင့် ဒီးမော့ဆို မြို့များရှိ ပြည်သူ့အတားအဆီးများကို လိုက်လံဖယ်ရှား

အာဏာသိမ်း စစ်ကောင်စီ၏ တပ်ဖွဲ့များက လွိုင်ကော် နှင့် ဒီးမော့ဆို မြို့များရှိ ပြည်သူ့အတားအဆီးများကို လိုက်လံဖယ်ရှား
ဧပြီ 27, 2021 | ကယား

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် ဒီးမော့ဆိုမြို့ရှိ ရပ်ကွက်အချို့တို့တွင် ပြည်သူများကိုယ်ထူကိုယ်ထ ပြုလုပ်ထားသည့် ပြည်သူ့လုံခြုံရေး အတားအဆီးများကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားနှင့် ရဲများမှ ဧပြီလ (၂၇)ရက်နေ့တွင် လိုက်လံဖယ်ရှားဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ 

ဧပြီလ (၂၄)ရက်နေ့မှစ၍ အာဏာသိမ်း အဖွဲ့၏ စစ်ကားများမှာ လွိုင်ကော်၊ ဒီးမော့ဆို ၊ ဖရူဆို စသည့်မြို့နယ်များသို့ ကားများဖြင့် လှည့်လည် သွားလာ နေခြင်းများ ပြုလုပ်နေခဲ့ပြီး အခုလို ပြုလုပ်လာခြင်းမှာ အဆိုပါ မြို့နယ်များတွင် သပိတ်မထွက်စေရန် ရည်ရွယ်၍ လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများကဆိုသည်။ 

ယနေ့ ဧပြီလ (၂၇)ရက်နေ့တွင် လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်ရှိ ပြည်သူ့လုံခြုံရေး အတားအဆီးများကို စစ်ကောင်စီ၏ တပ်ဖွဲ့များမှ လာရောက် ဖယ်ရှားဖျက်ဆီးခဲ့သလို ရပ်ကွက်တွင်း လှည့်လည်နေခဲ့ပြီး ဒီးမော့ဆိုမြို့လမ်းတစ်လျှောက်တွင်လည်း စစ်ကားများဖြင့် အတားအဆီးများကို ဖြိုဖျက်ခြင်း လှည့်လည်နေခြင်းများ လုပ်ဆောင်နေကြောင်းသိရသည်။ 

နာနတ်တောရပ်ကွက်မှာဆို ဒီမိန်းလမ်းမကြီးက အတားအဆီးတွေကိုပဲ ဖယ်ပေးပါ ။ သူတို့က တာဝန်အရ ပဲလာရတာမို့ ဒါလေးတွေတော့ ဖယ်ပေးပါ လို့ပြောတယ်။ ငါတို့လည်း ဖယ်ထားပေးတယ်။ ဒါပေမယ့် ခုရောက်လာတော့ ရပ်ကွက်လမ်းကြားတွေထဲထိပါ လိုက်ဖြိုတယ်။ မိန်းလမ်းက အတားဆီးတွေ ဖယ်ထားပေးတော့ သူတို့ အလွယ်တကူ ကားကို ဝေါခနဲ မောင်းပြီးရောက်လာတယ်။ ပြီး​တေ့ာ အရင်တိုင်းပဲ လမ်းကြားတွေထဲထိပါ လိုက်ဖျက်ဆီးတယ်။ ကျွန်တော်တို့ ပြည်သူက ကတိတည်ပေမယ့် သူတို့က အပြောပဲရှိတယ်။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

ကယားပြည်နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များကို လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို မြို့များတွင် အဓိကပြုလုပ်နေခြင်းဖြစ်ပြီး လွိုင်ကော်မြို့ပေါ်ရှိ သပိတ်များအား စစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များက  နေ့စဥ်နီးပါ လာရောက် ဖြိုခွင်းလေ့ရှိပြီး ဒီးမော့ဆိုမြို့မှာတော့ စစ်ကားများလာရောက်သော်လည်း ပစ်ခတ်ဖြိုခွင်းခြင်းတစ်ကြိမ်မှ မရှိသေးဘဲ ဖရူဆိုမြို့မှာတော့ ဧပြီလ (၂၄)ရက်နေ့တွင် သပိတ်အား ပထမဆုံးအကြိမ် ပစ်ခတ်ဖြိုခွင်းခံခဲ့ရပြီး ဧပြီလ (၂၆)ရက်နေ့ညပိုင်းတွင်လည်း သံပုံးတီးသည့်အိမ်အား ရာဘာကျည်ဖြင့် ပစ်ခက်မှုများ ဖြစ်ခဲ့ကြောင်း သိရသည်။