တာချီလိတ် ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယန်းတို့မှ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆရာဝန် (၁၄)ဦးကို ပုဒ်မ ၅၀၅-က ဖြင့် အာဏာသိမ်းအဖွဲ့က အမှုဖွင့်ထားကြောင်း ထပ်မံ ကြေညာ

တာချီလိတ် ကျိုင်းတုံ၊ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယန်းတို့မှ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆရာဝန် (၁၄)ဦးကို ပုဒ်မ ၅၀၅-က ဖြင့် အာဏာသိမ်းအဖွဲ့က အမှုဖွင့်ထားကြောင်း ထပ်မံ ကြေညာ
ဧပြီ 26, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည့် ဆရာဝန်(၂၀)ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံ)မှ ဆရာဝန် (၇)ဦး အပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ (၁၄)ဦး ပါဝင်ကြောင်း   ဧပြီလ(၂၆)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။

 



အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံ)မှ လက်ထောက်ဆရာဝန်များဖြစ်သည့် ဒေါက်တာဇာခြည်စိုးမြင့်၊ ဒေါက်တာနီလာအောင်၊ ဒေါက်တာဆန်းရို၊ ဒေါက်တာ အောင်သူကျော်၊ ဒေါက်တာခိုင်သဉ္ဇာဝင်းတို့ကို ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း  အသိပေးကြေညာသွားခြင်း ဖြစ်သည်။

အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံ)မှ CDM လုပ်ဆောင်ထားသည့် ဆရာဝန်နှင့်သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအားလုံးကို အမှုဖွင့်ထားပြီးဖြစ်သော်လည်း တစ်ဦးချင်းစီအမည်ဖြင့် ဧပြီလ(၂၄)ရက်နေ့က အထူးကုဆရာဝန် ဒေါက်တာတင်ထွန်းဦး နှင့် ဒေါက်တာအိအိကို၊ ဧပြီလ(၂၅)ရက်နေ့က အထူးကုဆရာဝန် ဒေါက်တာစိုင်းဝန်းဖန်းဆိုင် နှင့် လက်ထောက်ဆရာဝန်များဖြစ်သည့် ဒေါက်တာမိုးဇော်လတ်၊ ဒေါက်တာသိန်းသိန်းနွယ်၊ ဒေါက်တာခိုင်ဇာယုရှိန်၊ ဒေါက်တာသိုက်ထွန်းအောင် နှင့် ဒေါက်တာငြိမ်းဝေထွန်းတို့ အပါအဝင် ဧပြီလ(၂၆)ရက်နေ့အထိ အမှုဖွင့်ခံထားရသူ (၁၅)ဦးရှိပြီဖြစ်သည်။

ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ကြောင်း ကြေညာသည့် စာရင်းတွင် ကျိုင်းတုံဆေးရုံကြီးအပြင် မိုင်းယန်းမြို့နယ်မှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးထွဋ်ဘိုဘိုထွန်း၊ မိုင်းဆတ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များဖြစ်သည့် ဒေါက်တာသိန်းထွန်းအောင်နှင့် ဒေါက်တာနှင်းဖြူဖြူစိုး အပြင် လက်ထောက်ဆရာဝန် ဒေါက်တာမျိုးမင်းသန်း၊ မိုင်းတုံပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာစမျိုးမင်း နှင့် တာချီလိတ်ဆေးရုံမှ အထူးကုဆရာဝန်များဖြစ်သည့် ဒေါက်တာကျော်စွာမြင့် နှင့် ဒေါက်တာနေလင်းအောင်တို့ကိုလည်း အပါအဝင်ဖြစ်သည်။

သက်ဆိုင်ရာ ရဲစခန်းတွေမှာ CDM ကျန်းမာရေးနဲ့ ပတ်သက်ပြီး တစ်ဦးချင်းစီကို အမှုမဖွင့်တော့ဘူး။ 'အကြီးဆုံးအမည်တစ်ဦး နဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများ' ဆိုပြီးတော့ပဲ အဲ့လို အမှုဖွင့်ထားတာ။ CDM လုပ်တဲ့ စာရင်းတွေက စစ်တပ်မှာလည်းရှိပြီးသား အဲ့ဒီ စာရင်းတွေက ဟိုးအပေါ်ထိ ရောက်နေပြီ၊ မှတ်တမ်းလည်း ဝင်သွားပြီလို့ ပြောလို့ရမယ်၊ တချို့ CDM ပြန်ဖြုတ်ပြီး ပြန်ဝင်မယ်စိတ်ကူးတုန်းရှိသေး ညကြတော့ TV မှာ ပါနေတာမျိုးတွေတောင်ရှိတယ်။

ဟု အမည်မဖော်လိုသည့် ရဲအရာရှိကြီးတစ်ဦးက ပြောသည်။ 



ယနေ့ ဧပြီလ(၂၆)ရက်နေ့တွင် စစ်တပ်ပိုင်မီဒီယာမှ ကြေညာသွားသည့် ပုဒ်မ ၅၀၅-က (၂၀)ဦး၏ အမည်စာရင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်ပေါင်း (၅)မြို့နယ်မှ   (၁၄)ဦး ပါဝင်နေသည်။