ကယားပြည်နယ် ဖရူဆိုမြို့တွင် တစ်နေ့တည်း လူငယ် (၇၀) ကျော် ဖမ်းဆီးခံထားရ 

 ကယားပြည်နယ် ဖရူဆိုမြို့တွင် တစ်နေ့တည်း လူငယ် (၇၀) ကျော် ဖမ်းဆီးခံထားရ 
မေ 2, 2021 | ကယား

 ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲတွင် ဧပြီ(၃၀)ရက်နေ့က လူငယ်( ၇၀) ကျော်ကို အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များ ဖမ်းဆီးထားကြောင်းသိရသည်။

ဖမ်းဆီးခံရ လူငယ်များမှာ ဧပြီလ (၃၀)ရက်နေ့က ဖရူဆိုမြို့နယ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မေလ (၁)ရက်နေ့တွင် လွိုင်ကော်အကျဥ်းထောင်သို့ ပို့ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ 

လူငယ် (၇၀) ကျော်ဖမ်းခံထားရပါတယ်။ ကျွန်တော်ပြောနိုင်တာကတော့ သူတို့ဖမ်းခံထားရတာ ဟုတ်တယ်။  ရမန်ယူပြီး တရားရုံးပို့ထားတယ်လို့ သိရတယ်။ ကျန်တဲ့ အကြောင်းအရာက​တေ့ာ မပြောနိုင်သေးပါဘူး။

ဟု ဖမ်းဆီးခံရသည့် လူငယ်များနှင့်နီးစပ်သည့် သတင်းအရင်းမြစ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့  မေလ(၁)ရက်နေ့ ညပိုင်းတွင် အတည်ပြုပြောကြားသည်။ 

အဆိုပါ ဖမ်းဆီးခံလူငယ်များမှာ ဖရူဆိုမြို့နယ်အတွင်းမှာ အခြေခံ ကိုယ်ခံပညာများ သင်ယူနေကြောင်း စွတ်စွဲ ပြောဆိုခံထားရပြီး သတင်းပေးအရ  ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများမှ ပြောဆိုနေကြသည်။ 

 

မေလ(၁)ရက်နေ့ ညနေပိုင်းတွင် လွိုင်ကော်အကျဥ်းထောင်သို့ ရဲကား၊ စစ်ကား ၊ အိမ်စီးကားများဖြင့် အဆိုပါ ဖမ်းဆီးခံရသော လူငယ်များအား ပို့ဆောင်ခဲ့ပြီး အကျဥ်ထောင်ရှေ့တွင်  အာဏာသိမ်းအဖွဲ့၏ ရဲနှင့် စစ်သားများ စောင့်လျှက်ရှိနေကြကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက အတည်ပြုပြောသည်။ 

တာချီလိတ်သတင်းအေဂျင်စီမှ မေလ(၁)ရက်နေ့ ညပိုင်းအထိ အတည်ပြုထားချက်အရ အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များမှ ဖရူဆိုမြို့နယ်အတွင်း လူငယ် (၇၀) ကျော်အား ဖမ်းဆီးထားခြင်းမှာ မှန်ကန်ကြောင်း တိကျသည့် သတင်းအရင်းမြစ်ထံမှ သိရှိရပြီး ဖမ်းဆီးခံရသည့် အကြောင်းအရာ အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါ။

မေလ (၁)ရက်နေ့မှစ၍ ဖရူဆိုမြို့နယ်အတွင်း နေရာအချို့နှင့် လမ်းများတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်များမှ စောင့်ကြပ်လျှက်ရှိကြောင်း သိရပြီး လွိုင်ကော်မြို့တွင်းရှိ ရပ်ကွက်များတွင်လည်း အင်အားအများအပြားဖြင့် အဖွဲ့များခွဲ၍ လက်ရှိချိန်ထိ သွားလာနေကြကြောင်းသိရသည်။