တာချီလိတ် CDM ကျန်းမာရေးဝန်ထမ်းများကို လုပ်ငန်းပြန်ဝင်ရန် ပြည်နယ်ကုသရေးဦးစီးဌာန၏ ကျိုင်းတုံဌာနခွဲစာရေးတစ်ဦးက ဖုန်းဖြင့်ဆက်၍ ဖိအားပေးစည်းရုံးကာ ခြိမ်းခြောက်မှုများပြုလုပ်နေ

တာချီလိတ် CDM ကျန်းမာရေးဝန်ထမ်းများကို လုပ်ငန်းပြန်ဝင်ရန် ပြည်နယ်ကုသရေးဦးစီးဌာန၏ ကျိုင်းတုံဌာနခွဲစာရေးတစ်ဦးက ဖုန်းဖြင့်ဆက်၍ ဖိအားပေးစည်းရုံးကာ ခြိမ်းခြောက်မှုများပြုလုပ်နေ
ဧပြီ 24, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်မှ CDM ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ပြည်နယ်ကုသရေးဦးစီးဌာန၏ ဌာနခွဲစာရေးတစ်ဦးက ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း လိုက်လံဆက်သွယ်ပြီး လုပ်ငန်းခွင်ပြန်မဝင်ပါက တရားစွဲဆိုအမှုဖွင့်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ လုပ်ဆောင်နေသည်ဟု ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။

" ပြည်နယ်ကုသရေးဦးစီးဌာနရဲ့ ကျိုင်တုံဌာနခွဲစာရေးက တာချီလိတ်ကို လာပြီးတော့ CDM တွေကို ဖုန်းဆက် ခြိမ်းခြောက် ဖိအားပေးပြီး ဆွဲခေါ်နေတယ်။  ရုံးသော့လည်း တောင်းသွားပါပြီ။ အဓိက ပြောနေတာကတော့ ၅၀၅-က စာရင်းထဲ မပါချင်ရင် အလုပ်ဝင်ဖို့ ခြိမ်းခြောက်ဖုန်းဆက်ခေါ်နေတာပါ။ သူလာရင် သူနဲ့အလုပ်တွဲလုပ်မလား မေးတယ်။ ရက်နှစ်ဆယ်ကျော်ရင် အလုပ်ဝင်မလားမေးပြီး မဝင်ရင် ထောင်ကျမယ်လို့ပြောတယ်။ အခု သူ တာချီလိတ်ကို ရောက်နေပါပြီ။"ဟု CDM လုပ်ဆောင်ထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဆက်သွယ်ပြောကြားသည်။

နိုင်ငံတဝန်းမှ CDM လုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများအား ပုဒ်မ ၅၀၅ - က ဖြင့် တရားစွဲဆိုအမှုဖွင့်နေသည့် အာဏာသိမ်းအဖွဲ့က တာချီလိတ်ခရိုင်မှ CDM လုပ်ဆောင်ထားသည့် ကျန်းမာရေးဝန်ထမ်း (၃၀၀)ဝန်းကျင်ကိုလည်း  ပြီးခဲ့သည့် ဧပြီလ(၁၄)ရက်နေ့ ညနေပိုင်းက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားပြီးဖြစ်သည်။

ယင်းနောက် အမှုဖွင့်ထားခြင်းမှာ တစ်ဦးချင်းစီအမည်ဖြင့် အမှုဖွင့်ထားခြင်းမဟုတ်၍ CDM လှုပ်ရှားမှုကို ရပ်တန့်ပြီး လုပ်ငန်းခွင်ဝင်ပါက အမှုဖွင့်သည့်စာရင်းမှ ပယ်ဖျက်မည်ဟုဆိုကာ စည်းရုံးမှုများ လုပ်ဆောင်နေသည့်အပြင်  ပြည်နယ်ကုသရေးဦးစီးဌာန၏ ဌာနခွဲစာရေးကလည်း လုပ်ငန်းခွင်ဝင်ရန် ခြိမ်းခြောက်စည်းရုံးခြင်းကို လုပ်ဆောင်လာခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ CDM လှုပ်ရှားမှုတွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံဝန်ထမ်းများလည်း ပါဝင်ကြသဖြင့် ပိတ်ထားသည့် ခရိုင်ပြည်သူ့ဆေးရုံအား စစ်တပ်အင်အားဖြင့် ဆေးရုံတံခါးဖျက်ဝင်ရောက်ခဲ့ကြပြီးနောက် CDM လုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်ရန် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်နေကြခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်က CDM ကျန်းမာရေးဝန်ထမ်းများအား တရားစွဲဆိုအမှုဖွင့်ခြင်း၊ အကြမ်းဖက်ဖမ်းဆီးခြင်း၊ ဆရာဝန်များ ပြင်ပဆေးခန်းများတွင် ကုသပေးခြင်းကို တားမြစ်ခြင်း၊ CDM ဆရာဝန်များကို ကုသခွင့်ပေးနေသည့် ပြင်ပဆေးရုံ၊ ဆေးခန်းများကို ပိတ်သိမ်းစေခြင်းများကို လိုက်လံလုပ်ဆောင်နေသော်လည်း  ၎င်းတို့၏စစ်တပ်ဆရာဝန်များအနေဖြင့် ပြင်ပဆေးရုံ၊ ဆေးခန်းများတွင် ခွင့်ပြုချက်မရှိဘဲ ဆေးကုသနေခြင်းအား အရေးယူခြင်း မရှိသည့်အပြင် စစ်တပ်ဆရာဝန်များကို ကုသခွင့်ပေးထားသည့် ဆေးရုံဆေးခန်းများအား အရေးယူခြင်းများကိုလည်း မကြားဖူးကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းထံမှ သိရသည်။