တာချီလိတ်ခရိုင်အတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို COVID 19 ကာကွယ်ရေး အစီအစဉ်များဖြင့် ပြန်လည် ဖွင့်လှစ်နိုင်

တာချီလိတ်ခရိုင်အတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို COVID 19 ကာကွယ်ရေး အစီအစဉ်များဖြင့် ပြန်လည် ဖွင့်လှစ်နိုင်
ဇူလိုင် 24, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦးများကို COVID 19 ကာကွယ်ရေး အစီအစဉ်များဖြင့်  ပြန်လည် ဖွင့်လှစ်နိုင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ကြောင်း ရှမ်းပြည်နယ်သာသနာရေးဦးစီးဌာနက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့တွင် တာချီလိတ်ခရိုင်သာသနာရေးဦးစီးဌာနသို့ အကြောင်းကြားစာပို့ထားကြောင်း သိရသည်။

ပြည်နယ်ကနေ ဘာသာရေးနဲ့ပတ်သက်ပြီးတော့ မနက် (၅) နာရီကနေ ညနေ (၇) နာရီထိ ဆောင်ရွက်ခွင့်ပြုဖို့စာရောက်လာပြီဗျ။ စာမှာတော့ COVID နဲ့ပတ်သက်တဲ့ စည်းကမ်းချက်တွေ သီးသန့်ရေးထားတာတော့ မတွေ့ရဘူး 

ဟု တာချီလိတ်ခရိုင်သာသနာရေးဦးစီးဌာန၊ ခရိုင်သာသနာရေးမှူး ဦးထွန်းကြည်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID-19 ကူးစက်ပျံ့နှံ့နိုင်ခြေများသဖြင့် အများပြည်သူဆိုင်ရာနေရာများကို ကန့်သတ်ထားရာမှ ဇူလိုင်လ (၂၁) ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးရုံးခန်း၌ ဘာသာပေါင်းစုံမှ ဘာသာရေးတာဝန်ရှိသူများဖြင့် ညှိနှိုင်းစည်းဝေးပြီးနောက် ဇူလိုင်လ (၂၄) ရက်နေ့မှစ၍ COVID 19 ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးသဘောတူညီချက်အရ ဘာသာပေါင်းစုံ၏ ဘုရား၊ ကျောင်းကန်၊ ဝတ်ပြု၊ ဆုတောင်းခြင်းများကို လူစုလူဝေးမဖြစ်စေဘဲ COVID 19 ကာကွယ်ရေးအတွက် လိုက်နာရမည့် လုပ်ဆောင်ချက်များနှင့်အတူ နေ့စဉ် နံနက် (၅)နာရီမှ ည (၇)နာရီအထိ ဆောင်ရွက်ခွင့်ပေးထားခြင်းဖြစ်သည်။

အများပြည်သူကို ခွင့်ပြုမည့် သက်ဆိုင်ရာဘာသာရေးအဆောက်အဦ ပရဝုဏ်အတွင်း COVID 19 ကာကွယ်ရေးအတွက် Mask တပ်ဆင်ရန်၊ လက်ဆေးဆပ်ပြာနှင့် ဘေစင်များ ထားပေးရန်၊  လာရောက်သူများ အစုအဝေးမဖြစ်စေရေးအတွက် တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ဝင်ထွက်သွားလာ ဝတ်ပြုနိုင်ရန်၊ COVID 19 ကာကွယ်ရေးအသိပညာပေး ဗီနိုင်းများ အများမြင်သာရာတွင် ထားရှိပေးရန်၊ လိုအပ်ပါက ပိုးသတ်ဆေးဖြန်းပေးရန် စသည်တို့ကို သက်ဆိုင်ရာ ဘာသာရေးအဆောက်အဦကို တာဝန်ရှိသည့် ဂေါပက၊ ဘာသာရေးခေါင်းဆောင်တို့က တာဝန်ယူစီစဉ်ကြရမည်ဖြစ်ကြောင်း သိရသည်။

ဘာသာရေးအဆောက်အဦများကို COVID 19 ကာကွယ်ရေးအစီအစဉ်များဖြင့် ဖွင့်ခွင့်ပေးထားသော်လည်း လူစုလူဝေးပြုလုပ်ခွင့်ကို တားမြစ်ထားဆဲဖြစ်သည်။

 Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~