ကျိုင်းတုံမြို့တွင် အမျိုးသားတစ်ဦးကို စစ်တပ်နှင့်ရဲတို့က နေအိမ်၌ သေနတ်များဖြင့်ချိန်ပြီး ဖမ်းဆီးခေါ်ဆောင်သွား

ကျိုင်းတုံမြို့တွင် အမျိုးသားတစ်ဦးကို စစ်တပ်နှင့်ရဲတို့က နေအိမ်၌ သေနတ်များဖြင့်ချိန်ပြီး ဖမ်းဆီးခေါ်ဆောင်သွား
ဧပြီ 23, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက်၊ မြို့သစ်ရှိ နေအိမ်တွင် အမျိုးသားတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီ၏ ရဲနှင့်စစ်တပ်က ယနေ့ ဧပြီလ(၂၃)ရက်နေ့ နံနက်က လာရောက်ကာ သေနတ်ဖြင့်ချိန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက်၊ မြို့သစ်ရှိ အသက်(၄၁)နှစ်အရွယ် ကိုစိုင်းငယ် ဆိုသူကို နေအိမ်တွင် သေနတ်များကိုင်ဆောင်ထားသည့် အရပ်ဝတ် စစ်တပ်နှင့်ရဲတို့က ၂၀၂၁ခုနှစ် ဧပြီလ(၂၃)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တွေ့ရှိရကြောင်း အနီးဝန်းကျင်မှ မျက်မြင်သက်သေများထံက သိရသည်။

လာရောက်ဖမ်းဆီးချိန်တွင် အကြောင်းအရင်းကို ပြောဆိုခြင်းမရှိဘဲ သေနတ်များဖြင့်ပါ ချိန်ပြီး ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

ကိုစိုင်းငယ်သည် ကျိုင်းတုံမြို့ ရှမ်းလူငယ်များအဖွဲ့ ( TYO ) မှ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ၎င်းသည် ဒေသအကျိုးပြုလုပ်ငန်းများကို တတ်နိုင်သ၍ လုပ်ဆောင်ပေးနေသူဖြစ်ကြောင်းလည်း သိရသည်။

ယနေ့ ဧပြီလ(၂၃)ရက်နေ့တွင် ဖမ်းဆီးခံရသည့် ကိုစိုင်းငယ် အပါအဝင်ဆိုလျှင် ကျိုင်းတုံမြို့၌ ဖမ်းဆီးခံထားရသူ (၁၄)ဦးအထိ ရှိနေကြောင်း သိရသည်။