မိုင်းယောင်းမြို့တွင်း ဆိုင်တစ်ဆိုင် ကျပ်သိန်း (၁၅၀)နီးပါး ခိုးခံရ

မိုင်းယောင်းမြို့တွင်း ဆိုင်တစ်ဆိုင် ကျပ်သိန်း (၁၅၀)နီးပါး ခိုးခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း၊ မိုင်းယောင်းမြို့တွင် ဆိုင်အတွင်း ဝင်ခိုးခံရမှု ဧပြီလ(၂၂)ရက်နေ့ အကူးပိုင်းက ဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်း (၁၅၀)နီးပါး ပါသွားကြောင်း သိရသည်။

မိုင်းယောင်းမြို့ပေါ်၊ အမှတ်(၇)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှေ့၊ မြို့တွင်းလမ်းမကြီးဘေးရှိ 'တော်ဝင်' စာရေးကိရိယာနှင့်ကုန်စုံဆိုင်အတွင်း ၂၀၂၁ခုနှစ် ဧပြီလ(၂၂)ရက်နေ့အကူး (ဝဝး၁၅)နာရီဝန်းကျင်အချိန်က အမည်မသိ အမျိုးသားတစ်ဦးမှ ဆိုင်အတွင်းဝင်ရောက်ကာ ရှာဖွေပြီး ခိုးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ခိုးခံရသည့် ကျပ်သိန်း(၁၅၀)ဝန်းကျင်မှာ ဧပြီလ(၂၂)ရက်နေ့ နံနက်ပိုင်းတွင် မိုင်းယောင်းမှတဆင့် ကျိုင်းတုံသို့ ကုန်ပစ္စည်းသွားဝယ်ရန်အတွက် ညကတည်းက အဆင်သင့်ဖြစ်စေရန် အိတ်ထဲ ထည့်ထားခြင်းဖြစ်ရာမှ ယခုလို ခိုးခံရချိန်တွင် ပါသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ခိုးသူမှာ နေအိမ်ဆိုင်ခန်း၏ အိမ်နောက်ဖေး ရေချိုးခန်း မျက်နှာကျက်ကနေတဆင့် ဆိုင်အသွင်းသို့ ဝင်ရောက်ကာ ခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းအရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းယောင်း ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ခိုးမှုနှင့်ပတ်သက်၍ ယနေ့ ဧပြီလ(၂၂)ရက်နေ့ ညနေပိုင်းထိ ထူးခြားမှု တစ်စုံတစ်ရာမရှိသေးကြောင်း သိရသည်။

မိုင်းယောင်းမြို့တွင် ယခင်က ခိုးမှု အသေးအမွှားသာ ရှိခဲ့သော်လည်း ယခုလို ခိုးမှုမျိုး ၂၀၂၁ခုနှစ်အတွင်း ပထမဆုံးဖြစ်သည်ဟု ဒေသခံများထံက သိရပြီး မိုင်းယောင်းမြို့နယ်အတွင်း မှုခင်းတစ်စုံတစ်ခုဖြစ်ပေါ်လာပါကလည်း ဖော်ထုတ်ရရှိမှု အားနည်းကြောင်း သိရသည်။

#TachileikNewsAgency