မိုင်းခတ်မြို့နယ်အတွင်း အားခေဝမ်တိုင်ရွာတွင် ရွာလုံးကျွတ်မီးလောင်မှုကြောင့် မီးဘေးသင့် ပြည်သူများကို ကျိုင်းတုံ ပရဟိတလူငယ်အဖွဲ့များက တတိယအကြိမ်မြောက် သွားရောက်လှူဒါန်း

 မိုင်းခတ်မြို့နယ်အတွင်း အားခေဝမ်တိုင်ရွာတွင် ရွာလုံးကျွတ်မီးလောင်မှုကြောင့် မီးဘေးသင့် ပြည်သူများကို ကျိုင်းတုံ ပရဟိတလူငယ်အဖွဲ့များက တတိယအကြိမ်မြောက် သွားရောက်လှူဒါန်း
ဧပြီ 18, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ မိုင်းကာကျေးရွာအုပ်စုအတွင်းရှိ ဝမ်ကိန်းတိုင် ခေါ် အားခေဝမ်တိုင်ရွာတွင် ရွာလုံးကျွတ်မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူများအား ကျိုင်းတုံမြို့မှ ပရဟိတလူငယ်အဖွဲ့များက ၂၀၂၁ခုနှစ် ဧပြီလ(၁၇)ရက်နေ့ နှစ်ဆန်းတစ်ရက်နေ့က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံ ပရဟိတလူငယ်အဖွဲ့များက မီးဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး ပစ္စည်းများနှင့် ဆန်၊ဆီ စားနပ်ရိက္ခာများကို ယခုလိုသွားရောက်လှူဒါန်းပေးခြင်းမှာ တတိယအကြိမ်ဖြစ်ကြောင်း သိရသည်။



အဆိုပါကျေးရွာတွင် အားခေတိုင်းရင်းသားများနေထိုင်ကြခြင်း ဖြစ်ပြီး ၂၀၂၁ခုနှစ် မတ်လ(၃၁)ရက်နေ့က မီးလောင်မှုဖြစ်ပွားရာမှ ကျေးရွာရှိ အိမ်ခြေ(၂၁)အိမ်အနက် အိမ်ခြေစုစုပေါင်း (၂၀) မီးလောင်သွားပြီး၊ ကျေးရွာတွင်းနေ ပြည်သူ (၉၇)ဦး မီးဘေးသင့်ကာ မီးလောင်မှုကြောင့် အသက်(၁)နှစ်အရွယ် ကလေးငယ်တစ်ဦး နှင့် အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ 

 

မိုင်းခတ်မြို့နယ်အတွင်းရှိ ကျေးရွာများသည် တောင်ပေါ်ဒေသများတွင် အများအပြားတည်ရှိသည့်အတွက် နွေရာသီကာလများတွင် နှစ်စဉ်နီးပါး မီးလောင်မှုဖြစ်ပွားရာတွင်  မီးကူးစက်လောင်ကျွမ်းမှုများကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်မှုများ ဖြစ်လေ့ရှိသည့်အတွက် မီးဘေးကာကွယ်ရေးအသိပညာပေးမှုများ လိုအပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။