တာချီလိတ်မြို့တွင် ဆိုင်ကယ်ပြင်ဆိုင် မီးလောင်မှုဖြစ်ပြီး ဆိုင်ကယ်(၂)စီး မီးလောင်ဆုံးရှုံးကာ အနီးရှိ KTV သို့ မီးကူးစက်

တာချီလိတ်မြို့တွင် ဆိုင်ကယ်ပြင်ဆိုင် မီးလောင်မှုဖြစ်ပြီး ဆိုင်ကယ်(၂)စီး မီးလောင်ဆုံးရှုံးကာ အနီးရှိ KTV သို့ မီးကူးစက်

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း မြို့နယ်ဓမ္မာရုံအနောက်ဘက်ရှိ ဆိုင်ကယ်ပြင်ဆိုင်နှင့်အရောင်းဆိုင် မီးလောင်မှုဖြစ်ပွားပြီး အနီးရှိ KTV သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်သည် ၂၀၂၃ခုနှစ် ဇွန်လ(၇)ရက်နေ့ ည(၁၁)နာရီခွဲအချိန်က ဖြစ်ပွားခြင်း ဖြစ်ပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်ဆိုင်မှ ဆိုင်ကယ်(၂)စီး မီးလောင်ဆုံးရှုံးသွားကြောင်း သိရသည်။

"ဆိုင်ကယ်ပြင်ဆိုင်က ဒီနေ့မှ လူမရှိတာ။ အပြင်သွားနေတာဖြစ်မယ် ထင်တယ်။ မီးလောင်တာကတော့ ဝါယာရှော့ဖြစ်ပြီး လောင်တာလို့တော့ သိရတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

မီးလောင်မှု ဖြစ်ပွားချိန်တွင် အနီးဝန်းကျင်နေသူများမှ ကနဦး မီးငြှိမ်းသတ်ကြပြီးနောက် တာချီလိတ်ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့မှ ရောက်ရှိလာကာ စုပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။